ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ် ရေပြင်တွင် မျောပါလျက်ရှိသော ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေနှင့်စပ်လျဉ်း၍ အီးယူအဆင့်မြင့်ကိုယ်စားလှယ်/ ဒုဥက္ကဋ္ဌ Josep Borrell နှင့် ကော်မရှင်အဖွဲ့ဝင် Janez Lenarčič တို့၏ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ရှိ နိုင်ငံများက ဝင်ခွင့်မပြုသောကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရာပေါင်းများစွာသော ရိုဟင်ဂျာလူမျိုးများသည် ပင်လယ်ပြင်တွင် ဒုက္ခပြဿနာများစွာကို ရင်ဆိုင်ရင်း ရက်သတ္တပတ်အတော်ကြာသည်အထိ မျောပါလျက်ရှိသည်။ ဥရောပသမဂ္ဂသည် သက်ဆိုင်ရာဒေသအစိုးရအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်သာမက ၎င်းတို့ ကမ်းပေါ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ဖြေရှင်းပေးရန် ကိုလည်း တိုက်တွန်းခဲ့သည်။ ၂၀၂၀ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရက်ရောမှု၊ လူသားချင်းစာနာထောက်ထားမှုကို ဆက်လက်ပြသသည့်အနေဖြင့် အဆိုပါသင်္ဘောများအနက်မှ တစ်စီးတွင် ပါဝင်သော ရိုဟင်ဂျာလူမျိုး ၄၀၀ ဦးခန့်အား ဘေးကင်းလုံခြုံစွာ ကမ်းကပ်ခွင့် နှင့် အကူအညီများ ပေးအပ်ခဲ့သည်။ အဆိုပါဒေသရှိ နိုင်ငံများလည်း ထိုသာဓကအတိုင်း ဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအားလုံးကို အကြွင်းမဲ့ အပစ်အခတ်ရပ်စဲရေး အထမြောက်အောင် အဆောတလျင် ဆောင်ရွက်ရန် နှင့် လူတိုင်းအကျုံးဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။ ယင်းသည် ရိုဟင်ဂျာပြဿနာများ ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်မည် ဖြစ်ပါသည်။ ဥရောပသမဂ္ဂသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များကို အဓိက ကူညီထောက်ပံ့နေသော ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး အဆိုပါဒေသတွင် လိုအပ်သော ကူညီထောက်ပံ့မှုများကို ထပ်မံလုပ်ဆောင်ပေးရန် အသင့်ရှိနေပါသည်။ ကျွန်ုပ်တို့သည် ရိုဟင်ဂျာလူမျိုးများ ဘေးကင်းလုံခြုံစွာ၊ ရေရှည်တည်တံ့ခိုင်မြဲစွာ၊ သိက္ခာပြည့်ဝစွာဖြင့် ဆန္ဒအလျောက် နေရပ်သို့ ပြန်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအပေါ်တွင်လည်း တာဝန်ခံမှုအပြည့်အဝရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။