European Union External Action

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ

12/05/2016 - 15:10
EU relations with Country

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခြင်းနှင့် ကမ္ဘာသို့ တံခါးဖွင့်ခြင်းဟူသည့် သိသာ ထင်ရှားလှသည့် လမ်းကြောင်းပေါ်တွင် မြန်မာနိုင်ငံ ရှေ့ဆက် လျှောက်လာသည်နှင့်အမျှ နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်မှုတွင် ဥရောပသမဂ္ဂသည် ရှေ့တန်းက ပါဝင်ထားသည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအား ယင်းတို့၏ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝမှုဟူသည့် ခရီးလမ်းကြောင်းတွင် ဆက်လက်ပံ့ပိုးပေးရန်လည်း ဥရောပသမဂ္ဂအနေဖြင့် ခိုင်မာစွာ သံန္နိဋ္ဌာန်ချထားပါသည်။ မြန်မာနိုင်ငံ၏ အောင်မြင်သော ဒီမိုကရေစီ တည်ဆောက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုသည် အရှေ့တောင်အာရှတွင် ဥရောပသမဂ္ဂ၏ သဘာဝအရ မိတ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ (Association of South-East Asian Nations - ASEAN) ကို ပိုမိုခိုင်မာ အားကောင်းစေမည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု

၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ အရပ်သားအသွင်ဆောင်သော အစိုးရသည် ဒီမိုကရေစီ တည်ဆောက်ရေး၊ နိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတို့နှင့် လူမှုစီးပွားဆိုင်ရာ ပြန်လည်ထူထောင်ရေးဆီသို့ ပထမခြေလှမ်းများဖြင့် ကြီးမားသော ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို စတင်ခဲ့သည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ယုံကြည် စိတ်ချရသည့် ယှဉ်ပြိုင်မှုရှိသော ရွေးကောက်ပွဲများကို ကျင်းပနိုင်ခြင်းသည် အသွင် ကူးပြောင်းရေး ဖြစ်စဉ်အတွက် အရေးကြီးလှသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုလည်း လွှတ်တော်ထဲတွင် အခိုင်မာဆုံး အများစုအဖြစ် နေရာရရန် ပံ့ပိုးပေးနိုင်ခဲ့သည်။ NLD ဦးဆောင်သည့် အစိုးရသစ်သည် ၂၀၁၆ခုနှစ်၊ ဧပြီလတွင် အစိုးရဖြစ်လာခဲ့ပြီး ဦးထင်ကျော်သည် ရာစုနှစ်ဝက်မကသော ကာလတွင် ပထမဆုံးသော အရပ်သားသမ္မတဖြစ်လာသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသည်။

အသွင်ကူးပြောင်းရာတွင် မိတ်ဖက်တစ်ဦးအဖြစ်ဥရောပသမဂ္ဂ

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် မိတ်ဖက်တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြောင်းလဲမှုများကို လျှင်မြန်စွာလည်း တုန့်ပြန်ပေးခဲ့ပြီး၊ ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အစောပိုင်းကတည်းက  ခိုင်မာ အားကောင်းသော ပံ့ပိုးမှုများကို တောက်လျှောက် ပေးအပ်ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် တားဆီးပိတ်ပင်မှုများကို ရပ်ဆိုင်းခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ရုံးဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဥရောပသမဂ္ဂ တားဆီးပိတ်ပင်မှုများအားလုံးကို လက်နက်တားဆီး ပိတ်ပင်မှုများမှလွဲ၍ ဖယ်ရှားပေးခဲ့သည်။ လက်နက်မှလွဲ၍ အားလုံးပေးမည် "Everything But Arms" scheme ဟူသော အစီအစဉ်အောက်တွင် ကုန်သွယ်ရေး ဦးစားပေးမှုများအရ စားသုံးသူပြည်သူ သန်းပေါင်း ငါးရာရှိသည့်  ဥရောပသမဂ္ဂ၏ တစ်ခုထဲသော ဈေးကွက်ကိုလည်း အကောက်ခွန်ကင်းမဲ့စွာနှင့် ကန့်သတ်မှုကင်းမဲ့စွာ ကုန်သွယ်ခွင့် ရခဲ့သည်။  တန်းပြည့် ဥရောပသမဂ္ဂသံရုံးကိုလည်း ၂၀၁၃ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ထိုနှစ်မှာပင် ကော်မရှင်မင်းကြီး လေးဦး၊ ဥရောပလွှတ်တော်နှင့် ဥရောပ ရင်းနှီးမြုပ်နှံမှုဘဏ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့်  ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဒီမိုကရေစီ တည်ဆောက်မှုကို  ပံ့ပိုးပေးရန် ဥရောပသမဂ္ဂတွင် ရှိသော ယန္တရားနည်းလမ်းများအားလုံးကို ပေါင်းစည်းပေးခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးပေးနေသည့် ဥရောပသမဂ္ဂ၏ အဓိကကျသော အခန်းကဏ္ဍကိုလည်း ထင်ဟပ် စေခဲ့ခြင်းအားဖြင့် ၂၀၁၅ခုနှစ် အောက်တိုဘာလတွင်  နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူစာချုပ်တွင်  နိုင်ငံတကာ သက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ ဥရောပသမဂ္ဂအနေဖြင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် လေ့လာစောင့်ကြည့်ရန်  အကြီးမားဆုံးသော နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ပေးခဲ့သည်။

၂၀၁၂-၂၀၁၃ခုနှစ်တွင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကနဦး ပံ့ပိုးမှု ယူရိုသန်း၁၅၀ဖြင့် တိုးမြှင့်ပေးခဲ့ပြီး၊ ၂၀၁၄ခုနှစ်တွင် Multiannual Indicative Programme 2014-2020 (၂၀၁၄-၂၀၁၀ နှစ်ရှည်စီမံကိန်း)ကို ခုနှစ်နှစ်တာကာလအတွက် ကနဦးပံ့ပိုးမှု ယူရိုငွေ၆၆၈သန်းဖြင့် အတည်ပြုခဲ့သည်။ ကူညီပံ့ပိုးမှုများ၏ ထိရောက်မှုကို မြှင့်တင်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း joint programming of development cooperation (ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲစီမံကိန်း အစီအစဉ်ရေးဆွဲခြင်း)တွင် ၂၀၁၃ခုနှစ်ထဲက ပါဝင်လျက် ရှိကြသည်။

မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂ၏ မဟာဗျူဟာသစ်

၂၀၁၆ခုနှစ်၊ ဇွန်လတွင်  နိုဝင်ဘာရွေးကောက်ပွဲများအပြီး နိုင်ငံရေး အခင်းအကျင်းအသစ်ကို EU strategy in support of Myanmar's reforms (မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးပေးရန် မဟာဗျူဟာ)သစ်တစ်ရပ်ကို စတင်ခြင်းဖြင့် ဥရောပသမဂ္ဂမှ တုန့်ပြန်မှု ပေးခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း၂၈နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ အားလုံးသည် ဤမဟာဗျူဟာသစ်ကို ဥရောပကောင်စီ၏ Council Conclusions (နိဂုံးချုပ်ဆုံးဖြတ်ချက်များ)မှတဆင့် အတည်ပြုခဲ့ကြသည်။

၂၀၁၆ခုနှစ် ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ မဟာဗျူဟာ -

  • ထိရောက်သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ တည်ဆောက်ခြင်းနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွင် ကူညီပံ့ပိုးခြင်းတို့မှတဆင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာမှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်လာရန်ဟူသော မြန်မာနိုင်ငံ၏ ရည်မှန်းချက်ကို ပံ့ပိုးရန် ဥရောပသမဂ္ဂ၏ ကတိကို ပြန်လည်အတည်ပြုသည်။
  • ဒေသန္တရအစိုးရများ၊ တရားစီရင်ရေးကဏ္ဍ၊ လွှတ်တော်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ ပါဝင်သော လူ့ဘောင် အဖွဲ့အစည်း တစ်ခုလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တံခါးဖွင့်ပေးသည်။
  • Joint Peace Fund ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေမှတဆင့် ဆောင်ရွက်ခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးရန် ဥရောပသမဂ္ဂ၏ ကတိပြုမှုကို ထပ်လောင်း အတည်ပြုသည်။ ပူးတွဲငြိမ်းချမ်းရေးရံပုံငွေသည် အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များကို ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုပေးရန် ပုံဖော်ထားသော ရံပုံငွေဖြစ်သည်။ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုမို ကောင်းမွန်စေရန်နှင့် ဒေသခံများမှ ပိုင်ဆိုင်ခြင်းတို့ကို မြှင့်တင်ပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယခုအချိန်ထိ နိုင်ငံတကာအလှူရှင် ဆယ်ဦးမှ ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေသို့ ထည့်ဝင်ထားကြသည်။
  • ရခိုင်ပြည်နယ်ရှိ အခြေအနေ၊ လူနည်းစုများအား လေးစားမှု၊ အမုန်းစကားနှင့် သည်းမခံခြင်းကို တိုက်ဖျက်ခြင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည်ဖေါ်ခြင်း အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာအစိုးရနှင့်အတူ အလုပ် လုပ်ရန် ကမ်းလှမ်းသည်။
  • ရရှည် တည်တံ့ခိုင်မြဲပြီး ပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုမှတဆင့် မြန်မာနိုင်ငံအား ကူညီပံ့ပိုးရန် ဥရောပသမဂ္ဂ၏ ကတိပြုမှုကို ထပ်လောင်း ဖော်ပြသည်။ Multi-annual Indicative Programme (MIP) 2014-2020 (နှစ်ရှည်စီမံကိန်း) နှင့်  joint programming ပူးတွဲစီမံကိန်း အစီအစဉ်ရေးဆွဲခြင်း ဆိုင်ရာ ဦးစားပေးကိစ္စရပ်များကို ဖြည့်ဆည်းပေးသွားမည်မှာ ကူညီပံ့ပိုးမှုပေးရန် ယန္တရားသစ်များ ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတည်ဆောက်ခြင်း အခြေခံ ချဉ်းကပ်မှုပုံစံ၏ တစ်စိတ် တစ်ဒေသအဖြစ် လူမှုဝန်ဆောင်မှုများ၏ ထိရောက်မှုများကို ပိုမိုမြင့်မားစေရန်နှင့် ကဏ္ဍအလိုက် မူဝါဒများအား ရေးဆွဲရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုက်ရိုက် ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
  • ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူညီချက်တစ်ခုကို အပြီးသတ် ဆုံးဖြတ် ရေးဆွဲခြင်းအားဖြင့် ဥရောပစီးပွားရေးဆိုင်ရာ စိတ်ဝင်စားမှုများကို လှုံ့ဆော်ပေးသွားရန်နှင့် ကုမ္ပဏီများ၏ လူမှုစီးပွားတာဝန်သိမှုနှင့် တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကိုလည်း မြှင့်တင်သွားရန် ရည်ရွယ်သည်။
  • အာဆီယံအဖွဲ့ဝင် တစ်ဦးအဖြစ် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းစဉ်ကိုလည်း ပိုမိုခိုင်မာအားကောင်း လာစေရန် သာမက ဥရောပသမဂ္ဂနှင့် အာဆီယံတို့၏ မိတ်ဘက်ဖွဲ့ဆောင်ရွက်ခြင်းကိုပါ မြှင့်တင်သွားရန် ရည်ရွယ်သည်။

နိုင်ငံရေးဆွေးနွေးပွဲ

၂၀၁၃ခုနှစ်တွင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့သည် ၎င်းတို့၏ ဆက်ဆံရေးများတွင် အခန်းသစ်တစ်ရပ် ဖွင့်လှစ်ရန် သဘောတူခဲ့ကြပြီး၊ ခိုင်မာအားကောင်းသော မိတ်ဘက်ဖွဲ့ ဆောင်ရွက်ခြင်း၏ အုတ်မြစ်များကို ချခဲ့ကြသည်။ အထူးသဖြင့် အဆင့်မြင့် နိုင်ငံရေး ဆွေးနွေးပွဲကို စတင်ခဲ့ပြီး၊ နှစ်ဘက်လုံးမှ နှစ်စဉ် လူ့အခွင့်အရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြပြီး၊ ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့မှ သဘာပတိအဖြစ် ပူးတွဲ ဆောင်ရွက်ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူနည်းစုများ၏ အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များပေါ်တွင် ဥရောပသမဂ္ဂ၏ အထူးအာရုံစိုက်မှုကို မီးမောင်းထိုး ပြနေသည်။

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့သည် ကဏ္ဍပေါင်းစုံ ဆွေးနွေးပွဲများတွင်လည်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြပါသည်။ နှစ်ပေါင်းများစွာကြာအောင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် အမြဲ အဆိုတင်၊ ဆွေးနွေးခဲ့သည်။

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှုသည် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်ရန်ကို မြှင့်တင်နိုင်ရန် အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပြီး၊ “အာဆီယံ - ဥရောပသမဂ္ဂ မိတ်ဘက်ဖွဲ့ဆောင်ရွက်ခြင်းကို ပိုမိုခိုင်မာအားကောင်းစေရန် ဘန်ဒါစရီ ဘန်ဂါဝန် လုပ်ငန်းအစီအစဉ် ၂၀၁၃-၂၀၁၇”ကို အကောင်အထည်ဖေါ်ဆောင်ရန်ဘက်သို့ ဦးတည် လုပ်ဆောင်ရန် အခွင့်အလမ်းတစ်ခု ရစေခဲ့သည်။ ထိုသို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းမှ အာရှ ပစိတ်ဖိတ်ဒေသအတွင်း ဥရောပသမဂ္ဂ၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုများကို မြှင့်တင်ရန် ကူညီပေးခဲ့သလို နောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သော “ဥရောပသမဂ္ဂနှင့် အာဆီယံ မဟာဗျူဟာရည်ရွယ်ချက်ဖြင့် မိတ်ဘက်ဖွဲ့ဆောင်ရွက်ခြင်း”ဟူသည့် ဥရောပသမဂ္ဂ၏ ပူးတွဲကြေညာ စာတမ်းတွင်သာမက နောက်ဆက်တွဲ ဥရောပကောင်စီ  ဆုံးဖြတ်ချက်များတွင်လည်း တွေ့မြင်ရသည်။

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့တွင် ပိုမိုကျယ်ပြန့်သော လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အာဆီယံဒေသတွင်းဖိုရမ် (ASEAN Regional Forum-ARF) ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး (Asia-Europe Meeting - ASEM)သည်လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံပေါင်းစုံပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပါသည်။ ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံသည် ၁၃ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပါမည်။

မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ်တွင် ပြုပြင်ပြောင်းလဲမှုများစတင်သည်မှစ၍ သိသာထင်ရှားသော ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ကြရပြီး၊ ၂၀၁၆ခုနှစ်၊ ဧပြီလတွင် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရသစ် တက်လာသည့်အခါတွင်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုအတွက် အခွင့်အလမ်းသစ်များစွာကို ပံ့ပိုးပေးပါသည်။

ဆယ်စုနှစ်များစွာကြာအောင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂကြား ကုန်သွယ်မှုသည် အခြားသော အာဆီယံနိုင်ငံများစွာထက် လွန်စွာနိမ့်ကျခဲ့သည်မှာ ဥရောပသမဂ္ဂဘက်မှ တားဆီးပိတ်ပင်မှုများကြောင့်သာမက Generalised Scheme of Preferences – GSP ယေဘုယျ ကုန်သွယ်ရေး အားသာချက်များ အစီအစဉ်အောက်မှ ယေဘုယျ ကုန်သွယ်ရေး အားသာချက်များကို ရုတ်သိမ်းခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန်အစိုးရမှ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ၂၀၁၁ခုနှစ်တွင် ကတိပြုခဲ့သည်မှစ၍ မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြုပြင်ပြောင်းလဲရန်နှင့် နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အချို့သော ခြေလှမ်းများကို ဆောင်ရွက်ခဲ့သည်။

ဥရောပသမဂ္ဂသည် ဤပြောင်းလဲမှုများကို အစောဆုံးထောက်ခံခဲ့သူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး၊ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် တားဆီးပိတ်ပင်မှုများကို ရပ်ဆိုင်းခဲ့သလို ၂၀၁၃ခုနှစ်၊ ဧပြီလတွင် လုံးဝဖယ်ရှားပေးခဲ့သည်။ အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေးအတွက် မြန်မာနိုင်ငံ၏ တိုးတက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီးကျင်းပသော ညီလာခံမှ အသိအမှတ်ပြုမှု ရပြီးသည့်နောက် ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့သော မြန်မာထွက်ကုန်များအတွက် ကုန်သွယ်ရေး ဦးစားပေးပို့ဆောင်နိုင်မှုကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ပြန်လည် ချမှတ်ပေးခဲ့သည်။  ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ယေဘုယျ ကုန်သွယ်ရေး အားသာချက် အစီအစဉ် အောက်တွင် လက်နက်မှလွဲ၍ အားလုံး (Everything But Arms - EBA) ဟူသည့် အခွင့်အလမ်းများကို ပြန်လည်အကျိုးခံစားခွင့် ရပြီး ကုမ္ပဏီများအား ဥရောပသမဂ္ဂဈေးကွက်သို့ လက်နက်ခဲယမ်းမှတပါး  အကောက်ခွန်အခမဲ့ အတိုင်းအတာ ကန့်သတ်မှုမရှိ တင်ပို့ခွင့်ပြုလိုက်သည်။ ပို၍များပြားလာသည့် မြန်မာနိုင်ငံ ပြင်ပပို့ကုန် လုပ်ငန်းရှင်များသည် ဤအစီအစဉ်မှ ပေးအပ်လာသော အခွင့်အရေးများကို ယူပြီး ပြည်တွင်းစီးပွားရေးကို အရေးကြီးလှသော အခြေအနေမြှင့်တင်အောင် ဆောင်ရွက် နေကြ ပါသည်။

ဥရောပ စာရင်းများအရ ၂၀၁၅ခုနှစ်တွင် ဥရောပသမဂ္ဂ - မြန်မာနိုင်ငံ နှစ်နိုင်ငံ ကုန်စည်များ ကုန်သွယ်မှုသည် ယူရိုငွေ ၁.၂ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၁၄ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၈% (ယူရို၈၈၆.၅သန်းမှ) တိုးလာခြင်းဖြစ်သကဲ့သို့ ၂၀၁၂ခုနှစ်မှ နှိုင်းယှဉ်လျှင် ၃၀၀% (ယူရို၄၀၄သန်းမှ) တိုးတက်လာသည်။ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဥရောပမှ တင်ပို့သည့် ကုန်စည်များ၏ တန်ဖိုးသည် ယူရို ၅၄၉သန်း ရှိခဲ့သည်။ ကုန်စည်များမှာ အဓိကအားဖြင့် လေယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်စက်ပစ္စည်းများနှင့် စက်ကိရိယာများ၊ ဆေးဝါး ကုန်စည်များ၊ မှန်ဘီလူးများ၊ မျက်မှန်များနှင့် အလှကုန်များဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဥရောပသို့ တင်သွင်းသော ကုန်စည်များ၏ တန်ဖိုးသည် ယူရို၆၇၅သန်း ရှိခဲ့ပြီး၊ ၆၂%မှာ အဝတ်အထည်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှတင်ပို့သော အခြားကုန်ပစ္စည်းများတွင် ဆန်၊ ရေလုပ်ငန်းထွက်ကုန်များ၊ သစ်ထွက်ကုန်များနှင့် ပဲများပါဝင်သည်။ (၂၀၁၆ခုနှစ် ဇန်နဝါရီလအထိ) မြန်မာနိုင်ငံရှိ တရားဝင်စာရင်းများအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု အားဖြင့် တရုတ်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဟောင်ကောင်တို့နောက်တွင် ဥရောပသမဂ္ဂ သည် မြန်မာနိုင်ငံ၌ စတုတ္ထအကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်ပြီး၊ စုစုပေါင်း ရင်းနှီးမြုပ်နှံမှု၏ ၁၀% ရှိပါသည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်မှုများကို မြှင့်တင်ရန် ကြိုးစားအားထုတ်မှုများ၏ တစိတ်တဒေသအဖြစ် အားလုံးအတွက် အကျိုးစီးပွားအဖြစ် ရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံရေး ပံ့ပိုးပေးရန်နှင့် ဥရောပမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို မြန်မာနိုင်ငံသို့ ဝင်လာသည့်အဆင့်ကို ပိုမိုတိုးမြှင့်စေရန် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို ၂၀၁၄ခုနှစ် မတ်လမှ စတင် ညှိနှိုင်းဆွေးနွေးနေကြပါသည်။ ဥရောပသမဂ္ဂအနေဖြင့် အာဏာပိုင်များ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အကောင်းဆုံးသော စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းပေးသည့် ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ကတိပြု ဆောင်ရွက်နေပါသည်။ ဥရောပသမဂ္ဂအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသို့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှ ပါဝင်ပံ့ပိုးပေးမှု အသက်သွေးကြောသဖွယ် အရေးပါပုံကိုလည်း အသိအမှတ်ပြုပြီး၊ မြန်မာနိုင်ငံအတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စူးစမ်းရှာဖွေလိုသည့် ဥရောပကုမ္ပဏီများကိုလည်း လှိုက်လှဲစွာ ကြိုဆိုနေသလို၊ ရိုးသားဖြောင့်မတ်မှုနှင့် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ၏ လူမှုစီးပွား တာဝန်သိမှုကိုလည်း အမြင့်မားဆုံးသော စံနှုန်းများကို ထိန်းသိမ်းထားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်း ထူးခြားမှတ်သားဖွယ်ရာ တိုးတက်ပြောင်းလဲမှုများနှင့် မကြာသေးခင်မှ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရသို့ အသွင်ကူးပြောင်းမှုကို ဆက်လက် ဖြစ်ပေါ်စေရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးနှင့် ရေရှည်တည်တံ့ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဥရောပသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန် ၎င်း၏ မဟာဗျူဟာကို အမြင်သစ်ဖြင့် သုံးသပ်ထားပါသည်။ ဥရောပလွှတ်တော်နှင့် ဥရောပကောင်စီတို့၏ joint communication ပူးတွဲထုတ်ပြန်ကြေညာချက်ကို ၂၀၁၆ခုနှစ်၊ ဇွန်လ၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပြီး၊ ၂၀၁၆ခုနှစ်၊ ဇွန်လ၂၀ရက်နေ့တွင် ကျင်းပခဲ့သည့် ဥရောပကောင်စီ၏ Council Conclusions အပြီးသတ် ဆုံးဖြတ်ချက်များတွင်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေရန် ဥရောပသမဂ္ဂ၏ စိတ်ဝင်စားမှုအပြင် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲများအပြီး အသွင်ကူးပြောင်းမှုကို ပံ့ပိုးရန် ကတိပြုမှုကိုလည်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ဥရောပကောင်စီ၏ အပြီးသတ် ဆုံးဖြတ်ချက်များသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ဥရောပသမဂ္ဂ၏ ကတိကဝတ်များကို ထပ်မံ အတည်ပြုပေးခဲ့သည်။ အကယ်၍ မြန်မာနိုင်ငံ အနေဖြင့် ကျန်ရှိနေသေးသည့် အရေးကြီးသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုသည် စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ ကျယ်ပြန့်လှသော အခွင့်အလမ်းများစွာကို သော့ဖွင့်ပေးနိုင်မည်။ ထို့ကြောင့် ဥရောပသမဂ္ဂ အနေဖြင့် ရင်းနှီးမြုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် ညှိနှိုင်းမှုများကို အပြီးသတ် ဆုံးဖြတ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး၊ စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းရေးဆိုင်ရာ မူဘောင်များနှင့် အလုပ်သမား စံနှုန်းများကိုလည်း ပိုမိုကောင်းမွန် လာအောင် ကူညီသွားမည်။

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ နောက်ဆုံးအချက်အလက်များကို ဥရောပကော်မရှင်၏ ကုန်သွယ်ရေးဝဘ်ဆိုဒ် website ဤနေရာတွင် လေ့လာကြည့်ရှု နိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ ပံ့ပိုးကူညီမှု စီမံကိန်း၏ မဟာဗျူဟာမြောက် ရည်ရွှယ်ချက်မှာ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်  ကောင်းမွန်စွာ လည်ပတ် လုပ်ဆောင်နိုင်သည့် ဒီမိုကရေစီတည်ဆောက်ရန် မြန်မာနိုင်ငံ၏ ကြိုးစားအားထုတ်မှုများကို ပံ့ပိုးပေးရုံသာမက ပါဝင်မှုရှိပြီး ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ပျိုးထောင်ပေးရန်လည်း ဖြစ်ပါသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား ကူညီပံ့ပိုးမှုများကို ၁၉၉၆ခုနှစ်မှ စတင်ပေးနေခဲ့ပြီး ထိုစဉ်က ပံ့ပိုးပေးမှုကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် HIV/AIDS စီမံကိန်းများနှင့် ဌာနေသို့ ပြန်မည့်သူများအတွက် နိုင်ငံသို့ ပြန်ပို့ပေးမည့် အစီအစဉ်များကိုသာ အဓိကထားခဲ့သည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးနိုင်ငံအထူးပြု ဥရောပသမဂ္ဂ ပံ့ပိုးကူညီမှု မဟာဗျူဟာကို ၂၀၀၇ခုနှစ်တွင် ရေးဆွဲခဲ့ပြီး တစ်နှစ်ကြာသော်အခါ နာဂစ်ဆိုင်ကလုံးမုန်တိုင်းအပြီး ပြန်လည် ထူထောင်ရေးတွင် ဥရောပသမဂ္ဂ၏ ပံ့ပိုးကူညီမှုသည် အဓိကကျခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပံ့ပိုးပေးရန်သာမက တိုင်းရင်းသား အုပ်စုများနှင့် ပြည်တွင်းရွှေ့ပြောင်းရသူများ (IDPs)များကို ကူညီ ပံ့ပိုးပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ ထပ်ဆောင်း ယူရိုငွေသန်း၁၅၀ကို သတ်မှတ်ပေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာမှာ Multi-annual Indicative Programme (MIP) နှစ်ရှည်စီမံကိန်းတွင် အသေးစိတ် ဖော်ပြထားသည့်အတိုင်း ၂၀၁၄ခုနှစ်မှ ၂၀၂၀ခုနှစ်ကာလ အတွက်ဖြစ်ပြီး ယူရိုငွေ၆၆၈သန်းရှိသော နှစ်နိုင်ငံ ပံ့ပိုးကူညီမှုဖြစ်သောကြောင့် ဥရောပသမဂ္ဂ သည် မြန်မာနိုင်ငံ၏ အဓိကအလှူရှင်များထဲတွင် တစ်ဦးဖြစ်လာပါသည်။ လက်ရှိ MIPအရ ကူညီပံ့ပိုးမှုကို အစိုးရနှင့် အခြားသော အကျိုးသက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီး နောက်မှသာ ဖော်ထုတ်ထားခဲ့သော  ဦးစားပေးကဏ္ဍကြီးလေးရပ်သို့ ဦးတည် လုပ်ဆောင် ပါသည် - 

  •   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် အာဟာရလုံခြုံရေး၊ (ယူရို၂၄၁သန်း) - မြန်မာနိုင်ငံကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ် ခေါင်းပါးမှု ပပျောက်ရေးကို ပံ့ပိုးကူညီရန်ဟူသော ရည်ရွှယ်ချက်ဖြင့် သဘာဝ ပတ်ဝန်းကျင်အရ ရေရှည် တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေး အပါအဝင် ရေရှည် တည်တံ့ ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှတဆင့် ပံ့ပိုးပေးရန် ရည်ရွှယ်ချက်ဖြင့် ဖြစ်ပါသည်။ 
  • ပညာရေး (ယူရို၂၄၁သန်း) - မြန်မာနိုင်ငံတွင် ပညာရေးနှင့် သက်ဆိုင်သော အမျိုးသားနှင့် နိုင်ငံတကာ ရည်မှန်းချက်များကို အောင်မြင်နိုင်စေရန်  ပံ့ပိုးကူညီပေးမည့် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါသည်။
  • အုပ်ချုပ်မှုစနစ်၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်၏ စွမ်းဆောင်ရည် တည်ဆောက်ရေး (ယူရို၉၆သန်း) - မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ပံ့ပိုးပေးရန် ရည်ရွှယ်ချက်ဖြင့် ဖြစ်ပါသည်။
  • ငြိမ်းချမ်းရေး တည်ဆောက်ခြင်း (ယူရို၁၀၃သန်း) - လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးပေးခြင်းအားဖြင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပံ့ပိုးကူညီပေးရန် ရည်ရွှယ်ချက်ဖြင့် ဖြစ်သည်။

ဥရောပသမဂ္ဂ၏ နှစ်နိုင်ငံပံ့ပိုးမှုများနှင့်အပြင် မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ များစွာသော အကြောင်းအရာအလိုက်နှင့် ဒေသတွင်းစီမံကိန်းများမှ ကူညီပံ့ပိုးမှုများကို အောက်ပါအတိုင်း အကျိုးခံစားရပါသည် -

  • European Instrument for Democracy and Human Rights (EIDHR) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ယန္တရား - ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေး ဖွံ့ဖြိုး တိုးတက်မှု၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ပေးရာတွင် ပါဝင် ကူညီပေးခြင်း။
  • Non-State Actors and Local Authorities programme (NSA-LA) အစိုးရ မဟုတ်သော လှုပ်ရှားလုပ်ဆောင်သူများနှင့် ဒေသန္တရအစိုးရများ အစီအစဉ် - ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချပေးရန် ဒေသန္တရအဆင့် ပံ့ပိုးကူညီမှုများ အဆင်ပြေ ချောမွေ့အောင် ကူညီပေးခြင်း။
  • Environment and Natural Resources including Energy Thematic Programme (ENRTP) စွမ်းရည်ဆိုင်ရာ စီမံကိန်းအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ - နိုင်ငံများအား ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်စေရန် သဘာဝ သယံဇာတများကို ရေရှည် တည်တံ့ ခိုင်မြဲသော စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်စေရန် ကူညီပေးရေး အဓိကထားသည့် လုပ်ဆောင်ချက်များဖြင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို ပိုမို ခိုင်မာအားကောင်းစေခြင်း။
  • Instrument contributing to Stability and Peace (IcSP) တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီပေးသည့် ယန္တရား - ပဋိပက္ခများကို ကာကွယ်ရန်၊ ပဋိပက္ခလွန် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ဆောင်မှုကို ပံ့ပိုးပေးရန်နှင့် သဘာဝ ဘေးအန္တရာယ်မှ  စောစီးစွာ ရှေးဦးပြန်လည်ထူထောင်မှုကို လုပ်ဆောင်နိုင်ရန် ရေတိုပံ့ပိုးကူညီမှုနှင့် ရေရှည်ပံ့ပိုးကူညီမှု ပေးအပ်ခြင်း။

မြန်မာနိုင်ငံသည် SWITCH Asia သို့မဟုတ် or Aid to Uprooted People ကဲ့သို့သော ဒေသတွင်းစီမံကိန်းများနှင့်လည်း အကျုံးဝင်ပါသည်။ ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပံ့ပိုးကူညီ နေပါသည်။ ဥပမာပေးရလျှင် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ဥရောပ ကုန်သည်ကြီးများ အသင်းကို စတင်ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများနှင့် တစ်ဖက်မှ ယင်းတို့၏ ဥရောပစီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်မှုများ ကို ပိုမိုခိုင်မာ အားကောင်း စေရန်နှင့် စီးပွားရေးလုပ်ငန်း၏ လူမှုစီးပွားတာဝန်သိမှု အပါအဝင် ကောင်းမွန် သည့် စီမံခန့်ခွဲမှု အလေ့အထများဆိုင်ရာ အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်ပါ  သည်။ ဥရောပသမဂ္ဂမှ ရံပုံငွေ ပံ့ပိုး ပေးသည့် ၂၀၁၅ခုနှစ်တွင် စတင်ခဲ့သော ကုန်သွယ်ရေး မြှင့်တင်ရေး စီမံကိန်းမှတဆင့် ကုန်သွယ်ရေး ပြုပြင်ပြောင်းလဲမှု၊ ကုန်သွယ်ရေး ပိုမိုအဆင်ပြေ ချောမွေ့ စေရေး၊ ကုန်သွယ်ရေး မြှင့်တင်ရေး၊ ပြည်ပပို့ကုန် အရည်အသွေး စီမံခန့်ခွဲမှု သို့မဟုတ် စားသုံးသူနှင့် သုံးစွဲသူ၏ အခွင့်အရေးကို ကာကွယ်ပေးခြင်း စသည်တို့အပါအဝင် ကုန်သွယ်ရေးနှင့် ဆက်စပ်နေသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန အများအပြားအား နည်းပညာ ဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးခဲ့ပါသည်။

ယခုအခါတွင် အရေးကြီးသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု များကို ဖြတ်သန်းနေရသော်လည်း၊ ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးနှင့် ထိခိုက်အလွယ်ဆုံးသော လူများအတွက် အကျိုးကျေးဇူးများသည် အချိန်ကာလတစ်ခု ရှည်ကြာလာမှသာလျှင် အခိုင်အမာ လက်ဆုပ်လက်ကိုင် ဖြစ်လာပေလိမ့်မည်။ ပျှမ်းမျှတစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၇၀၂ဒေါ်လာဖြင့် မြန်မာနိုင်ငံသည် လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွင် အဆင့်၁၅၀ ဖြစ်နေပြီး၊ ရှေ့ဆက်၍လည်း မြင့်မားသည် ဆင်းရဲနွမ်းပါးမှုအဆင့်များကိုလည်း ရင်ဆိုင်ရမည်  (မြန်မာနိုင်ငံတွင် လူသုံးဦးလျှင် တစ်ဦးသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင်သာ နေထိုင် နေကြသည်)။ သဘာဝ သယံဇာတများ ချမ်းသာကြွယ်ဝမှု၊ စိုက်ပျိုးရေးနှင့် ပုဇွန်ငါး မွေးမြူ၊ ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အလွန်ကြီးမားသော် လည်း စားနပ်ရိက္ခာ မလုံခြုံမှုနှင့် အာဟာရချို့တဲ့မှုတို့သည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများ တွင် အထူးအတွေ့ရများနေဆဲပင်။

ဥရောပသမဂ္ဂအနေဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုကို the Livelihoods and Food Security Trust Fund (LIFT) ခေါ် အသက်မွေးဝမ်းကျောင်းမှုများနှင့် စားနပ်ရိက္ခာလုံခြုံရေး ရံပုံငွေမှတဆင့် ပံ့ပိုးပေးလျက်ရှိပြီး၊ ဒုတိယအကြီးဆုံး အလှူရှင်လည်းဖြစ်သလို၊ ရံပုံငွေ အုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ LIFTသည် မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ တောင်သူငယ်များနှင့် မြေမဲ့ယာမဲ့များ ၏ ဘဝနှင့် အနာဂတ်အလားအလာတို့ကို မြှင့်တင်ပေးရန် ၂၀၀၉ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည့် အလှူရှင် ပေါင်းစုံပါဝင်သည့် ရံပုံငွေတစ်ရပ် ဖြစ်ပါသည်။ LIFT အနေဖြင့် ပါဝင်မှု ရှိသလို၊ စိုက်ပျိုးရေးကို အကျိုးအမြတ်ရှိသော စီးပွားရေးလုပ်ငန်းဖြစ်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးရေး၊ ဘဏ္ဍာရေးအရ ပါဝင်မှုရှိခြင်း၊  စီးပွားရေးလုပ်ငန်းနှင့် ကျွမ်းကျင်မှု၊ စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုများနှင့် မိခင်နှင့် ကလေးများ အတွက် ဦးတည်သတ်မှတ်ထားသော အာဟာရ ပံ့ပိုးမှုတို့ကို မြှင့်တင်ပေးသည့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်စေရန် ဆောင်ရွက်နေပါသည်။ LIFTသည် ရွှေ့ပြောင်းအခြေချ နေထိုင်မှုကို ပို၍ ဘေးကင်းလုံခြုံစေရန်နှင့် အလုပ်သမားများအား စီးပွားရေး အခွင့်အလမ်းသစ်များ၊ အလုပ်အကိုင်သစ်များနှင့် ချိတ်ဆက်ပေးရန် ရွှေ့ပြောင်း အခြေချ နေထိုင်မှု စီမံကိန်းတစ်ခုကိုလည်း ရံပုံငွေ ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့အပြင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ ၂၀၁၃ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာမြောက် မူဘောင် အကောင်အထည် ဖေါ်ဆောင်ရာတွင် LIFTမှ ပံ့ပိုးပေး လျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့်လည်း ပူးပေါင်း ဆောင်ရွက်ပြီး မကြာခင်က အမျိုးသားမြေယာ အသုံးချမှုမူဝါဒ ညှိနှိုင်း တိုင်ပင်ဆွေးနွေးမှု ဖြစ်စဉ်တွင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင် ဆောင်ရွက်လျက်ရှိပြီး၊ မြေအသုံးပြုမှု မြေပုံရေးဆွဲခြင်းနှင့် မြေသုံးမှု အစီအစဉ်ရေးဆွဲခြင်း ကဏ္ဍများတွင် စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အကူအညီပေးလျက်ရှိသည်။

LIFTအပြင် ဥရောပသမဂ္ဂ၏ ကတိကဝတ်များထဲတွင် ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ရသူများ ရှိသည့် ဒေသများ (ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်) တွင် စားနပ်ရိက္ခာ လုံခြုံမှုရှိစေရန် ပံ့ပိုးပေးသည့် စီမံကိန်းများ၊ ဝင်ငွေနည်းပါးသည့် ကျေးလက်ဒေသ မိသားစုများအတွင်း ဘဏ္ဍာရေးပါဝင်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်များ သာမက အမျိုးသမီးများနှင့် ကလေးငယ်များ၏ အာဟာရကို ပိုမိုကောင်းမွန်စေမည့် လုပ်ဆောင်ချက်များလည်း ပါဝင်သည်။

ပညာရေးကဏ္ဍသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရင်းနှီးမြှပ်နှံမှု နည်းပါးမှုကြောင့် ထိခိုက်ခံစားနေရသည်။ ဥရောပသမဂ္ဂအနေဖြင့် ၂၀၀၇ခုနှစ်မှစ၍ ပညာရေး ဆိုင်ရာ ပံ့ပိုးမှုများကို ပေးခဲ့ရာတွင် ယေဘုယျအားဖြင့် ပညာရေးကဏ္ဍတစ်ခုလုံး ပြုပြင် ပြောင်းလဲရေးကို အထူးအာရုံစိုက်ခဲ့ရုံမျှမက အခြေခံ၊ အဆင့်မြင့်နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ နည်းပညာဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေး သင်တန်းများ (technical vocational education and training - TVET) ကိုပါ ပံ့ပိုးပေးခဲ့သည်။  ဤပံ့ပိုးမှုကို အဓိကအားဖြင့် သြစတြေးလျ၊ ဒိန်းမတ်၊ နော်ဝေး၊ ယူကေနှင့် ဥရောပသမဂ္ဂတို့နှင့်အတူ UNICEF မှလည်း ရံပုံငွေပံ့ပိုးပေးသော အလှူရှင်ပေါင်းစုံ ပညာရေးရံပုံငွေ (Multi Donor Education Fund - MDEF) မှတဆင့် ပံ့ပိုးပေးခဲ့သည်။ ၂၀၁၃ခုနှစ်တွင် စတင်သော the Quality Basic Education Programme (QBEP) ခေါ် အရည်အသွေးပြည့်မှီသော အခြေခံ ပညာရေး စီမံကိန်းသည် MDEF၏ ဒုတိယအဆင့်ဖြစ်ပြီး ဥရောပသမဂ္ဂသည် အကြီးဆုံးသော အလှူရှင်အဖြစ် ပါဝင်သည်။ ရည်ရွယ်ချက်မှာ ပညာရေး အရည်အသွေး  ပိုမိုခိုင်မာ အားကောင်းစေရန်နှင့် ကျောင်းပြင်ပ ပညာရေး ဝန်ဆောင်မှုများမှတဆင့် ဆောင်ရွက်ခြင်း လည်း ပါဝင်သည့် ကျောင်းနေကလေးငယ် အရေအတွက် ပိုမိုများပြား လာစေရန် ဖြစ်ပါသည်။ ၂၀၁၅ခုနှစ်ကုန်တွင်ပင် QBEPဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်များမှ ဆရာ/ဆရာမပေါင်း ၂၁၆၀၀နှင့် ကျောင်းသူ/ကျောင်းသား ကလေးငယ်ပေါင်း ၆၇၅၀၀၀ အထိ လက်လှမ်းမှီ ပံ့ပိုး ပေးထားပါသည်။

QBEPသည် မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနမှ စီမံကိန်းရေးဆွဲခြင်း၊ လေ့လာ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းတို့တွင် စွမ်းဆောင်ရည်ကို  တိုးမြှင့်ပေးရန်လည်း ဆောင်ရွက်ပါသည်။ Comprehensive Education Sector Review - CESR ခေါ် ဘက်စုံပညာရေးကဏ္ဍ ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ်ကို  မဟာဗျူဟာမြောက် နည်းပညာနှင့် ဘဏ္ဍာရေး ပံ့ပိုးမှုများကို ပေးအပ်ခဲ့ပြီး ထိုမှတဆင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan - NESP) မူကြမ်း ရေးဆွဲနိုင်သည်အထိသာမက ပညာရေးကဏ္ဍ ပူးတွဲ လုပ်ငန်းအဖွဲ့နှင့် အကြောင်းအရာလိုက် လုပ်ငန်းအုပ်စုများကိုလည်း ထူထောင်နိုင်သည်အထိ ရောက်လာခဲ့သည်။

QBEPအပြင် ဥရောပသမဂ္ဂအနေဖြင့် ဝေးလံခေါင်းပါးသောဒေသများနှင့် ပဋိပက္ခ ဒဏ်ခံနေရသော ဒေသများတွင် ပညာရေးစီမံကိန်းများကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ Lutheran World Federationမှ အကောင်အထည်ဖော်ဆောင်နေပြီး ရခိုင်ပြည်နယ်ရှိ ကလေးများအတွက် ထိုပညာရေး ပံ့ပိုးကူညီမှုအရ ကလေးငယ်များအတွက် ကျောင်းများ၊ ရွှေ့ပြောင်းနေထိုင်ရသောသူများအတွက် ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်ရှိ လက်ခံ ပေးသော အိမ်ရှင်ကျေးရွာများမှ ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော သင်ယူမှု ဝန်းကျင်များ တည်ဆောက်ပေးနေပါသည်။

Erasmus+ လုပ်ဆောင်ချက်နှင့် "EU Support to Higher Education in ASEAN Region" (SHARE) အာဆီယံ ဒေသအတွင်း အဆင့်မြင့်ပညာရေးကို ဥရောပသမဂ္ဂမှ ပံ့ပိုးပေးခြင်း ဟူသော စီမံကိန်းများမှလည်း ပညာသင်ဆုများရသည့် မြန်မာ ကျောင်းသူ/ကျောင်းသား ဦးရေနှင့် ဆရာ၊ဆရာမဦးရေ  ပို၍ များပြားလာပါသည်။ ၂၀၁၅ခုနှစ်မှစ၍ SHARE စီမံကိန်းမှ အာဆီယံ အဆင့်မြင့် ပညာရေး စံနှုန်းများကို တန်းတူညီမျှ သဟဇာတဖြစ်အောင် လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီလျက်ရှိပြီး၊ သင်ကြားမှုရလဒ်များကို အပြန်အလှန် အသိ အမှတ်ပြုခြင်းနှင့် ကျောင်းသူ/ကျောင်းသားများ ရွှေ့ပြောင်းသင်ယူနိုင်မှုကို မြှင့်တင် ပေးနေပါသည်။

ဆယ်စုနှစ် ငါးစုမကသော အာဏာရှင်စနစ်၏ နောက်ဆက်တွဲအဖြစ် အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းများကို တဖြည်းဖြည်း တိုက်စားခဲ့ပြီး စီမံအုပ်ချုပ်ရန်နှင့် ဝန်ဆောင်မှုများကို ပေးရန်ဟူသော နိုင်ငံတော်၏စွမ်းဆောင်ရည်အပေါ် ပြည်သူတို့၏ ယုံကြည်မှုကို အားလျော့ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၏ သိသာထင်ရှားသော လုပ်ငန်းစဉ် ကိုလည်း စတင်လုပ်ဆောင်နိုင်ခဲ့ပါသည်။ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် ခိုင်မာယုံကြည်ရသော ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းသည်လည်း ဤအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၏ အရေးပါ သော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လေးစားမှုရှိသည့် ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်သည့် ဒီမိုကရေစီစနစ်တစ်ခုကို မြန်မာနိုင်ငံ တည်ဆောက်ရာတွင် ပံ့ပိုးကူညီပေးရန်  ထိရောက်သော ဝန်ကြီးဌာန ဆိုင်ရာ အဖွဲ့အစည်းများကို တည်ဆောက်ခြင်း၊ တရားမျှတမှုကို လက်လှမ်းမှီမှု ပိုမိုခိုင်မာ အားကောင်းစေခြင်းနှင့် လုံခြုံရေးကဏ္ဍ ပြောင်းလဲရေးတို့ကို ပံ့ပိုးကူညီခြင်းများတွင် ကူညီပေးရန် ဥရောပသမဂ္ဂမှ ကတိထားပါသည်။ ဤသို့ လုပ်ဆောင်ရာတွင် လူ့ဘောင် အဖွဲ့အစည်း တစ်ခုလုံးနှင့်သာမက အစိုးရ၊ တရားစီရင်ရေးကဏ္ဍ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ သတင်းမီဒီယာ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများသာမက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်နေပါသည်။ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ပံ့ပိုးပေးသည့်အနေဖြင့် နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်တွင် ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် ဒေသခံတို့၏ ပိုင်ဆိုင်မှု စိတ်ဓာတ်ကို မြှင့်တင်ပေးရန်တို့မှာ အလွန်အရေးကြီးကြောင်း ဥရောပ သမဂ္ဂမှ အသိအမှတ်ပြုပါသည်။

လွန်ခဲ့သော နှစ်အနည်းအငယ်အတွင်း ဥရောပသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဦးစားပေးများကို MyJustice ကျွန်ုပ်၏ တရားမျှတမှု သို့မဟုတ် STEP Democracy ရှေ့သို့ ဒီမိုကရေစီ စီမံကိန်းများကဲ့သို့  ကြီးမားသည့် စီမံအုပ်ချုပ်ရေးစနစ် ဆိုင်ရာ စီမံကိန်းများအဖြစ် ဖော်ဆောင်ထားပါသည်။ ၂၀၁၅ခုနှစ်တွင် စတင်ခဲ့သော MyJustice programme ခေါ် ကျွန်ုပ်၏တရားမျှတမှု စီမံကိန်းသည် နိုင်ငံအနှံ့အပြားမှ ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက် လွယ်သူများနှင့် ဘေးဖယ်ကြဉ်ခံထားရသူများအတွက် တရားမျှတမှုကို လက်လှမ်းမီခြင်း ပိုမို ကောင်းမွန်စေပါသည်။ ဒေသခံပြည်သူများ၊ ဥပဒေပညာရှင်များနှင့် တရားစီရင်မဏ္ဍိုင်မှ ဝန်ကြီးဌာန၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများကို ဒေသခံအဆင့် ညှိနှိုင်းဖြန်ဖြေခြင်းနှင့် ရှေ့နေမဟုတ်သော အရပ်သား ဥပဒေပညာ လေ့လာသူများမှ ဝန်ဆောင်မှုများကို ပေးခြင်း စသည့် ဆန်းသစ်သော နည်းလမ်း၊ ကိရိယာများဖြင့် အပ်နှင်းပေးသည်။ MyJustice စီမံကိန်းဖြင့် အားလုံးသော လှုပ်ရှားဆောင်ရွက်သူများအကြား သင်ကြားသင်ယူမှု၊ ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုက်တွန်းအားပေးရန် လူထုဗဟိုပြု ချဉ်းကပ်နည်းကို ကျင့်သုံးပြီး ဒေသခံ ပြည်သူများအနေဖြင့် ယင်းတို့ရင်ဆိုင်နေရသည့် တရားမျှတမှုဆိုင်ရာ စိန်ခေါ်မှုများအတွက် သင့်တော်သည့် ဖြေရှင်းနည်းများကို ကိုယ်တိုင် ရှာပေးနိုင်ရန် စွမ်းပကားများကို မြှင့်တင်ပေးသည်။

ငွေကြေးပံ့ပိုးပေးနေသည့် နောက်ထပ် အရေးကြီးသည့် လှုပ်ရှားမှုတစ်ခုမှာ Support to the Electoral Process and Democracy (STEP Democracy) ခေါ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီကို မြှင့်တင်ပေးခြင်း (ရှေ့သို့ဒီမိုကရေစီ) စီမံကိန်း ဖြစ်ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ အကောင်းဆုံးအလေ့အထများ ပြည့်မှီစေရန်  မြန်မာနိုင်ငံ ရွေးကောက်ပွဲ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြားသော လှုပ်ရှားသူများ၏ ကြိုးစား အားထုတ်မှု များကို ကူညီပံ့ပိုးပေးရန် ကနဦးတွင် အလေးပေးခဲ့သော်လည်း ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲများအတွက် လမ်းခင်းပေးခဲ့သည့် ဤစီမံကိန်းသည် ယခုအခါတွင် ပါဝင်မှုရှိပြီး ဒီမိုကရေစီနည်းကျ ဝန်ကြီးဌာန၊အဖွဲ့အစည်း အဆောက်အဦများ တည်ဆောက်ရာ တွင် များစွာသော နိုင်ငံရေးနှင့် အရပ်ဘက်လှုပ်ရှားသူများအား ဆက်လက် ပံ့ပိုးကူညီ ပေးနေပါသည်။ ရှေ့သို့ဒီမိုကရေစီ စီမံကိန်းသည် ဘက်စုံပါဝင်သည့် နည်းပညာ အကြံပေးခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ မဲဆန္ဒရှင်များကို အသိပညာပေးခြင်းနှင့် ဆွေးနွေးမှုကို မြှင့်တင်ပေးခြင်းတို့မှတဆင့် အသိပညာ ဗဟုသုတ လွှဲပြောင်းမှုကို တိုက်တွန်းအားပေးရန် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ တည်ဆောက်ထားပါသည်။

ဆက်စပ်နေသည့် ဥရောပသမဂ္ဂ၏ အခြားသော လုပ်ဆောင်ချက်တစ်ခုမှာ Institutional Strengthening and Policy Dialogue Support programme ခေါ် ဝန်ကြီးဌာန၊ဌာနဆိုင်ရာအဖွဲ့အစည်းများကို ပိုမို ခိုင်မာအားကောင်းစေရေးနှင့် မူဝါဒ ဆွေးနွေးပွဲ ပံ့ပိုးမှု စီမံကိန်းဖြစ်ပါသည်။  ဤစီမံကိန်းသည် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများသာမက အစိုးရမဟုတ်သော အခြားလှုပ်ရှားသူများ (ပုဂ္ဂလိက စီးပွားရေးကဏ္ဍနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ)ကို ပိုမိုခိုင်မာအားကောင်းစေရန် ကူညီပံ့ပိုးပေးခြင်း၊ မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်းတို့အတွက် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။

နောက်ဆုံးအနေဖြင့် နိုင်ငံတကာ အကောင်းဆုံးသော အလေ့အထများနှင့် လူ့အခွင့်အရေး လေးစားမှုတို့ကို အခြေခံ၍ ပို၍ တားဆီးကာကွယ်မှုရှိပြီး မျှတသော၊ လုပ်ငန်းပိုင်းဆိုင်ရာ ထိရောက်ပြီး ကျွမ်းကျင်မှုရှိသည့် ချဉ်းကပ်မှုနည်းလမ်းတစ်ခုသို့ ရောက်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေးအတွက် ပံ့ပိုးမှုကိုလည်း ဥရောပသမဂ္ဂသည် ၂၀၁၆ခုနှစ်တွင် ထပ်လောင်း လုပ်ဆောင်သွားမည် ဖြစ်သည်။ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ယန္တရား စီမံကိန်း၏ အောင်မြင်မှုများအပေါ် ဆက်လက်တည်ဆောက်ရင်း အနာဂတ် လုပ်ဆောင်ချက်များသည် (နိုင်ငံရေး၊ ဥပဒေရေးရာ၊ အစိုးရနှင့် အတွင်းပိုင်း တာဝန်ခံမှု စသော) တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးပေးသွားပါမည်။

ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပိုမို ခိုင်မာအားကောင်းစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်နှင့် လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် လွဲချော်သွားခဲ့လျှင် ရပ်ရွာလူထု တစ်ခုနှင့် တစ်ခုအကြား အကြမ်းဖက်မှုများသည် ဆက်လက် ဖြစ်ပွားမည်၊ လုံခြုံရေး သည်လည်း အမြဲ အလှမ်းဝေးနေမည့်အပြင် အခြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများသည် ထိရောက်မှု မရှိမည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။

ဥရောပသမဂ္ဂသည် မတူကွဲပြားသော လှုပ်ရှားသူများနှင့် အကျိုးသက်ဆိုင်သူများအကြား မျှတသော ကူညီပံ့ပိုးမှုရစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ခရီးဆက်နိုင်ရန် ငြိမ်းချမ်း ရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ထိရောက်စွာ ကူညီ ပံ့ပိုးပေးရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘက်စုံပါဝင်သည့် ပံ့ပိုးမှုတစ်စုတစ်စည်းတည်းဖြင့် ပေးအပ်ထားပါသည်။ ဥရောပသမဂ္ဂမှ ရံပုံငွေ ပံ့ပိုးပေးသည့် အားလုံးသော လုပ်ဆောင်ချက် များသည် ဒေသခံ အခြေအနေများကို အပြည့်အဝ၊ ထဲထဲဝင်ဝင် နားလည် သဘောပေါက်မှု ရှိဖြင့် အသိပေးထားပြီး ထိုသို့သော ပါဝင်ပံ့ပိုးမှုများအား ဒေသခံမှ ဦးဆောင် တွန်းအား ပေးသည့်အပြင် ထိုသို့သော ပါဝင်ပံ့ပိုးမှုများအား ဒေသခံမှ ဦးဆောင် တွန်းအားပေးသည့်အပြင် ဒေသခံပြည်သူများ၏ ကြောက်စိတ်များနှင့် မျှော်လင့်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက်ပေးရာတွင် ပံ့ပိုး ကူညီရန် သေသေချာချာ ဆောင်ရွက်ပါသည်။

များစွာသော ကူညီပံ့ပိုးမှုယန္တရားတို့မှတဆင့် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးအကြီးဆုံးသော အလှူရှင်များထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ အခြားသော အကြီးစား ငြိမ်းချမ်းရေးအလှူရှင်များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရင်း ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (ယခုအခါ အမျိုးသား ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးဌာန)ကို ပံ့ပိုးမှုပေးခဲ့သလို၊ ၂၀၁၅ခုနှစ် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်သို့ ရောက်လာစေသည့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပံ့ပိုးပေးခဲ့သည်သာမက လူ့အခွင့်အရေး ကာကွယ်ရေး၊ အသက်မွေးဝမ်းကျောင်းမှုများကို ပိုမိုကောင်းမွန်စေရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကို ပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်တို့ဖြင့် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများမှ များစွာသော ရပ်ရွာလူထုအခြေပြုသည့် အဖွဲ့အစည်းများကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။ ငြိမ်း(Shalom) ဖောင်ဒေးရှင်းမှတဆင့် ဥရောပသမဂ္ဂသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်အဆင့်များတွင် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံအတွက် ရေရှည်ပံ့ပိုးမှုကို မကြာသေးခင်က ဥရောပသမဂ္ဂမှ စတင်အကောင် အထည် ဖေါ်ခဲ့သည့် Joint Peace Fund (JPF) ပူးတွဲငြိမ်းချမ်းရေးရံပုံငွေမှတဆင့် ပါဝင်သော အခြားအလှူရှင်များလည်း အတူ ပေးအပ်ပါသည်။ JPFသည် ယခင် ပဋိပက္ခဒဏ်ခံစားခဲ့သည့် ဒေသများအတွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးနိုင်ရန် ပူးတွဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ယန္တရား၊ အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲတို့အပြင် သုတေသနနှင့် လိုအပ်ချက်များ ဆန်းစစ် အကဲဖြတ်ခြင်းများ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ နောက်အဆင့်များကို ပံ့ပိုးပေးသွားပါမည်။

လူ့အခွင့်အရေးများသည် ဥရောပသမဂ္ဂ၏ ပင်မတန်ဖိုးများထဲမှ တစ်ခုဖြစ်ပြီး၊ ကျွန်ုပ်တို့သည် အရပ်သား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဟူသော လူ့အခွင့်အရေးများ အားလုံးကို ကမ္ဘာအနှံ့တွင် လေးစားမှုရှိစေရန် ကြိုးစား ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံ သည် ယင်း၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို စတင်သည်နှင့် တပြိုင်နက် သတင်း မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်၊ အလုပ်သမား အခွင့်အရေးများနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း စသည့် ကဏ္ဍပေါင်း များစွာတို့တွင် သိသာထင်ရှားသော အောင်မြင်မှုများစွာကို ရထားပါသည်။ ဥရောပသမဂ္ဂသည် ဤတိုးတက်မှုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ထို့ထက်ပို၍ ပြောင်းလဲမှုများဖြစ်အောင် ဆောင်ကြဉ်းရာတွင် အစိုးရနှင့် မြန်မာပြည်သူလူထုအား ကူညီ ပံ့ပိုးပေးရန် သန္နိဋ္ဌာန်ချထားပါသည်။

၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ လုပ်ငန်းအဖွဲ့ စတင်သည့်အခါတွင်  နှစ်ဘက် အကျိုးစီးပွားနှင့်ဆိုင်သည့် ဆွေးနွေးမှုများ၊ စိုးရိမ်ရသည့် ကိစ္စရပ်များအပေါ် အပြုသဘောဆောင်သည့် ပွင့်လင်း လွတ်လပ်သော ဆွေးနွေးမှုများကို ခွင့်ပြုပေးသည့် စနစ်တကျ ဖွဲ့စည်းထားသော လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပုံမှန် ကျင်းပရန် သဘောတူခဲ့ကြသည်။ ၂၀၁၄ခုနှစ်၊ မေလတွင် EU-Myanmar Human Rights Dialogue ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ လူ့အခွင့်အရေးဆွေးနွေးပွဲကို နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး၊ ဥရောပသမဂ္ဂဘက်မှ ပူးတွဲ သဘာပတိအဖြစ် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ သမဂ္ဂအထူးကိုယ်စားလှယ် စတားဗရို့စ် လမ်ဘရီးနီဒီစ် ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် လူ့အခွင့်အရေး ဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့ပြီး နောက်ပိုင်း ဆွေးနွေးပွဲများ ကိုလည်း နှစ်စဉ် ကျင်းပသွားရန် စီစဉ်ထားပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို အဖွဲ့အစည်းလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ကူညီပံ့ပိုးပေးမှုသည် ကျွန်ုပ်တို့အလုပ်၏ အဓိကကျသော အခြား အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြပြီး၊ နိုင်ငံရေး လှုပ်ရှားသူများအား တာဝန်ခံမှုရှိစေရန် လုပ်ဆောင်သလို၊ အစိုးရကိုလည်း နိုင်ငံတကာ စံနှုန်းများကို လေးစားလိုက်နာစေရန် ကူညီပေးသကဲ့သို့ ဘေးဖယ်ကြဉ်ခံထား ရသည့် ရပ်ရွာလူထုများ၏ အသံကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ကြားရစေရန် သေချာစွာ ဆောင်ရွက်နေသူများဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ တိုင်ကြားချက်၊ ကန့်ကွက်ချက်များကို နားထောင်ရန်နှင့် ကျန်ရှိနေသေးသည့် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် ယင်းတို့နှင့် ပုံမှန်တွေ့ဆုံပါသည်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအတွက် ဥရောပသမဂ္ဂလမ်းညွှန်ချက်များကို လည်း ကျွန်ုပ်တို့မှ မြန်မာ ဘာသာသို့ ပြန်ဆိုထားပြီး အင်တာနက်တွင် here  [114 KB] ဤနေရာတွင် ရရှိနိုင်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပယန္တရားမှတဆင့် ဥရောပသမဂ္ဂသည် ရပ်ရွာလူထု လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို စွမ်းပကား မြှင့်တင်ပေးသကဲ့သို့ နိုင်ငံရေး၊ အရပ်သား၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို မြှင့်တင်၊   ကာကွယ်ပေးရာတွင် ယင်းတို့၏ အလုပ်များကို ပံ့ပိုးပေးသည်မှာ အထူးသဖြင့် ဆင်းရဲ နွမ်းပါးသူများ၊ အမျိုးသမီးများ၊ ကလေးငယ်များ၊ လူနည်းစုများနှင့် ရွှေ့ပြောင်း အခြေချ နေထိုင်သူအုပ်စုများကဲ့သို့သော ခွဲခြားဆက်ဆံမှုဖြင့် ထိခိုက် နစ်နာလွယ်သည့် အုပ်စုများအား အထူးရည်ရွယ်ပါသည်။ 

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကူညီထောက်ပံ့မှုသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ၏ အထိခိုက်လွယ်ဆုံးသော နစ်နာသူများကို ၎င်းတို့၏ တိုင်းရင်းသား၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ၊ အသက်အရွယ်၊ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း သို့မဟုတ် နိုင်ငံရေး ပါတီတို့ကို ထည့်သွင်းမစဉ်းစားပဲ ကူညီပံ့ပိုးပေးရန် ဖေါ်ဆောင်ထားပါသည်။ ဘက်မလိုက်ပဲ ကြားနေပြီး နိုင်ငံရေးကိစ္စများ အပေါ်မဟုတ်၊ လိုအပ်ချက်များကို အခြေခံပါသည်။

ကမ္ဘာ့မဟာဗျူဟာ တစ်စိတ်တစ်ဒေသအဖြစ် ဥရောပကော်မရှင်သည် ထိုသို့သော ကူညီ ပံ့ပိုးမှုများကို ဥရောပကော်မရှင်မင်းကြီး ခရစ်စတို့စ် စတိုင်လီယားနိုက်ဒ်စ်မှ ဦးဆောင်သော Directorate-General for European Civil Protection and Humanitarian Aid Operations (ECHO) ဥရောပ အရပ်သားကာကွယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီပံ့ပိုးမှုအတွက် ဦးစီးဌာနမှတဆင့် ပံ့ပိုးပေးပါသည်။ ECHO၏ ရံပုံငွေများကို နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များ၊ INGOများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ကြက်ခြေနီ၊ လခြမ်းနီလှုပ်ရှားမှုမှတဆင့် ပံ့ပိုးပေးပါသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ဒေသများစွာ၌ ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဖြစ်နေခဲ့ခြင်းကြောင့် ထိုဒေသများတွင် နေထိုင်သူများအတွက် အမြဲတစေ မလုံခြုံမှုနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ကို ဖြစ်ပေါ်လာစေသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်နှင့် မူဆလင် လူထုများအကြား အထူးသဖြင့် ၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်တွင်  ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ပြည်သူပေါင်း တစ်သိန်းလေးသောင်းခန့် ရွှေ့ပြောင်းနေထိုင်နေရပြီး၊ အများစုမှာ မူဆလင်များ ဖြစ်ကြပါသည်။ ခြုံငုံသုံးသပ်ရာတွင် မြန်မာနိုင်ငံအတွင်း၌ လူပေါင်း နှစ်သိန်းကျော်သည်  ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူများ (IDPs) အတွက် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြပြီး လူပေါင်းတစ်သန်းခန့်တို့သည် ၎င်းတို့၏ အခြေခံ အခွင့်အရေးများ ဆုံးရှုံးနေသည်ဟု UNHCR အဖွဲ့မှ ခန့်မှန်းထားပါသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား ၁၉၉၄ခုနှစ်မှ စတင်၍ ပဋိပက္ခဒေသများအတွက် တုန့်ပြန်ပံ့ပိုးမှုအဖြစ် ပေးအပ်သည့် ယူရို ၁၁၃သန်း၊ ထိုအထဲတွင် ၂၀၀၈ခုနှစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ပံ့ပိုးမှုပေးငွေ ယူရို ၃၉သန်းနှင့် ၂၀၁၀ခုနှစ် ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်းမုန်တိုင်းအပြီး ပံ့ပိုးမှု ယူရို ၁၀သန်းတို့အပြင် (ဥရောပသမဂ္ဂ အရပ်သား ကာကွယ် စောင့်ရှောက်ရေး ယန္တရားကိုလည်း  အသက်သွင်းခဲ့သည့်) ၂၀၁၅ခုနှစ် ရေကြီးမှုများနှင့် မြေပြိုမှုများနောက်ပိုင်း ယူရို ၃.၅သန်း၊ ကူးစက်ရောဂါများနှင့် ဒေသခံ ပြည်သူလူထုများ၏ ခံနိုင်ရည်စွမ်းရည် တည်ဆောက်ရန် သဘာဝ ဘေးအန္တရာယ်များအတွက် တုန့်ပြန်ပံ့ပိုးမှုအဖြစ် ယူရို ၈၅သန်းတို့ဖြင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာပံ့ပိုးမှုအဖြစ် ယူရို ၂၁၈သန်း ပံ့ပိုးပေးထားပါသည်။ ၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ယူရို ၁၃.၆သန်းကို သတ်မှတ်ပေးခဲ့ပြီး၊ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ အတွက် ယူရို ၁.၃သန်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း "Children of Peace" ငြိမ်းချမ်းရေး၏ ကလေးများ စီမံကိန်း နှစ်ခုသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် ငွေကြေးပံ့ပိုးမှုများကို ပေးထားပါသည်။ ၂၀၁၆ခုနှစ်အတွက် ဤရံပုံငွေသည် အရှေ့တောင်ပိုင်း ဒေသများတွင် အလေးထားသွားမည်။

မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များနှင့် ထိခိုက်လွယ်မှုကို ထည့်သွင်း စဉ်းစားသော အားဖြင့် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအတွင်း သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများကိုလည်း နှစ်ပေါင်းများစွာ ကြာအောင် ရံပုံငွေ ပံ့ပိုးပေးနေခဲ့ပြီး၊ အထူးသဖြင့် DIPECHO (Disaster Preparedness ECHO)  သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားမှု စီမံကိန်းမှတဆင့် ပံ့ပိုးပေးနေပါသည်။ ထိုစီမံကိန်းကို ၁၉၉၆ခုနှစ်တွင် စတင်ခဲ့ပြီး ဘေးအန္တရာယ်ခံရနိုင်ချေရှိသည့် ဒေသခံ ရပ်ရွာပြည်သူများ ပိုမိုကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များကို ၎င်းတို့ ကာကွယ်နိုင်ရန် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ထိုစီမံကိန်းကို ၁၉၉၆ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပါသည်။ ၂၀၁၀ခုနှစ်မှစ၍ ယူရို၆.၆သန်းကို ဤရည်ရွယ်ချက်ဖြင့် ရေလွှမ်းမိုးမှုခံရလေ့သည့် ကမ်းရိုးတန်းဒေသများနှင့် မြို့ပြငလျင်ဒဏ်ခံရနိုင်သည့် အန္တရာယ်ဆုံးရှုံးနိုင်ခြေရှိသော ဒေသများသို့ ပံ့ပိုးပေးနေခဲ့ပါရာတွင် ၂၀၁၆ခုနှစ်အတွင်း ကမ်းရိုးတန်းဒေသများနှင့် မြို့ကြီးတွင် သဘာဝ ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ထားမှုကို အလေးပေးသော၊ မြို့ကြီးများတွင် ငလျင်နှင့် ဆက်စပ်နေသည့် ဘေးအန္တရာယ်များကို ပိုအလေးထား ဆောင်ရွက်သည့် INGOs အများပါဝင်သော ယာယီ ပေါင်းစည်းထားသော အဖွဲ့အစည်းသို့ ပေးထားသော ယူရို ၁.၇သန်းလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ECHO စီမံကိန်းများကို ရန်ကုန်မြို့ရှိ ECHOလုပ်ငန်းခွင်ရုံးနှင့် ဘန်ကောက်မြို့ရှိ ECHO ဒေသဆိုင်ရာရုံးမှ ကြီးကြပ် ကွပ်ကဲနေပါသည်။

မြန်မာနိုင်ငံတွင်းရှိ ECHO လုပ်ငန်းများနှင့်ပတ်သက်ပြီး ပိုမိုသိလိုပါက အောက်ပါ link သို့ သွားရောက် လေ့လာနိုင်ပါသည်။

Languages:
Editorial Sections: