St Helena

ရိုဟင်ဂျာဒုက္ခသည်များ - အင်ဒိုနီးရှားနိုင်ငံ၏ စည်းလုံးညီညွတ်မှုပြသခြင်းနှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ၏ သဘောထားထုတ်ပြန်ချက်

Brussels, 02/07/2020 - 11:17, UNIQUE ID: 200702_7
Statements by the Spokesperson

လွန်ခဲ့သော ရက်သတ္တပတ်က Aceh မြောက်ပိုင်းကမ်းရိုးတန်းတွင် သောင်တင်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များ အများစုပါဝင်သော ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဘေးကင်းစွာ ကမ်းတက်ခွင့်ပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့နှင့် အကာအကွယ်များ ပေးအပ်ရန် အင်ဒိုနီးရှားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂမှ လှိုက်လှဲစွာကြိုဆိုပါသည်။

ဘေးဒုက္ခအတိရောက်နေသော ရိုဟင်ဂျာဒုက္ခသည်များအား ကယ်ဆယ်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာခြင်းဖြစ်ပြီး အင်ဒိုနီးရှားပြည်သူများနှင့် အစိုးရ၏ ရက်ရောမှုကို လက်တွေ့ပြသခြင်းပင် ဖြစ်ပါသည်။

သက်ဆိုင်ရာ အင်ဒိုနီးရှားအာဏာပိုင်များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး (UNHCR) နှင့် အခြား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဥရောပသမဂ္ဂသည် ဒုက္ခသည်များ အရေးတကြီးလိုအပ်လျက်ရှိသော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များကို စုစည်းပေးအပ်မည်ဖြစ်ပါသည်။

အင်ဒိုနီးရှားအစိုးရ၏ လူသားချင်းစာနာထောက်ထားမှု ပြသခြင်းကို ကျွန်ုပ်တို့အနေဖြင့် အသိအမှတ်ပြုသော်လည်း ရိုဟင်ဂျာများကြုံတွေ့နေရသော ဆင်းရဲဒုက္ခများအား စေတနာရှေ့ထားသော တိုင်းနိုင်ငံများ၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ သက်သက်ဖြင့်သာ ဖြေရှင်း၍မရနိုင်ပါ။ ရိုဟင်ဂျာများကြုံတွေ့နေရသော ဆင်းရဲဒုက္ခများ၏ ဇာစ်မြစ်မှာ ၎င်းတို့ အတင်းအဓမ္မ ပြည်နှင်ခံခဲ့ရသည့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်တွင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ၎င်းလက်ခံအသိအမှတ်ပြုထားသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား ခိုင်မာထင်ရှားစွာ အကောင်အထည်ဖော်ခြင်း အပါအဝင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမိန့်ချမှတ်ထားသော ယာယီအစီအမံများနှင့်အညီ ရိုဟင်ဂျာဒုက္ခသည်များ မိမိစိတ်ဆန္ဒအရ မူရင်းနေရပ်များသို့ ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ပြီး ရေရှည်နေထိုင်နိုင်ရန်အတွက် လိုအပ်သော အခြေအနေများကို ဖန်တီးစီစဉ်ပေးမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးအနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အပါအဝင် အလုံးစုံ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် အကောင်အထည်ဖော်ပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အစပြုဆောင်ရွက်ရန် မဖြစ်မနေလိုအပ်ကြောင်းကိုလည်း ထပ်မံ၍ အသိပေးပြောကြားလိုပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာအရေးကို အပြည်ပြည်ဆိုင်ရာဥပဒေ နှင့် လူ့အခွင့်အရေးဥပဒေသများနှင့်အညီ ဖြေရှင်းရာတွင် တရားမျှတ၍ ရေရှည်တည်တံ့နိုင်သော နည်းလမ်းကို ရှာဖွေဖော်ထုတ်ရန်အလို့ငှာ ပိုမိုကြိုးပမ်းအားထုတ်စေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများအားလုံးကို မြန်မာနိုင်ငံအစိုးရနှင့် ပိုမိုဆက်ဆံတွန်းအားပေးရန် ဆော်ဩလိုပါသည်။

Languages: