ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

အီးယူ၏ မြန်ကူ အရေးပေါ်ငွေသား ရန်ပုံငွေများကို အထည်ချုပ်လုပ်သား ပထမအသုတ် လက်ခံရရှိခြင်း

30/04/2020 - 16:00
News stories

မေလ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့တွင် မြန်ကူသည် COVID-19 အကျပ်အတည်း၏ မြန်မာနို်ငငံအထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် ရိုက်ခတ်မှုကြောင့် အလုပ်မှဆိုင်းငံ့ခံ သို့မဟုတ် ထုတ်ပယ်ခံရသည့် အထည်ချုပ်လုပ်သားများထံ ရန်ပုံငွေပထမအသုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

“မတ်လ ၇ ရက်တုန်းက ကျွန်မ စက်ရုံကနေ အထုတ်ခံရတယ်။ အရင်တုန်းကဆို မိသားစုအတွက် အိမ်ငှားခနဲ့ စားဖို့သောက်ဖို့ ထောက်ပံ့ပေးနိုင်ခဲ့တာ။ အခုကျတော့ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး။” ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့မှ စက်ချုပ်သမ မသူဇာအောင်က ပြောပြခဲ့သည်။ မသူဇာအောင်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်၏ ကမ္ဘာ့ဈေးကွက်အပေါ် ရိုက်ခတ်မှုကြောင့် လွန်ခဲ့သည့်နှစ်လအတွင်း အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် အထည်ချုပ်လုပ်သား ၃၀,၀၀၀ ခန့်အနက်မှ တစ်ဦးပင်  ဖြစ်ပါသည်။ သူမသည် အမျိုးသမီးဦးရေအများစုပါဝင်သော စက်ချုပ်လုပ်သားများနှင့် ၎င်းတို့အပေါ် မှီခိုနေရသော နိုင်ငံတစ်ဝန်းရှိ မိသားစုဝင်များကို ထောက်ပံ့ပေးရန်အတွက် ဥရောပသမဂ္ဂမှ ထူထောင်ထားသော ယူရိုငွေ ၅ သန်း (ငွေကျပ် ၇.၉ ဘီလျံ) ပမာဏရှိသည့် မြန်ကူ ရန်ပုံငွေမှ ကျပ် ၇၅,၀၀၀ လက်ခံရရှိမည့် ပထမအသုတ်တွင် ပါဝင်ပါသည်။

မိုးမိုးခိုင်သည်လည်း ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ ကမ္ဘာ့ဈေးကွက်များအပေါ် ရိုက်ခတ်မှုများကြောင့် အဝယ်အမှာစာများ အလွန်ကျဆင်းလာခြင်းနှင့် ပြန်လည်ပယ်ဖျက်ခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှုအပေါ် ထိခိုက်မှုရှိခဲ့သော အထည်ချုပ်စက်ရုံတစ်ရုံမှ အထည်ချုပ်လုပ်သားတစ်ဦး ဖြစ်ပါသည်။ “ကျွန်မရဲ့မိဘတွေကို ပြန်မထောက်ပံ့နိုင်တော့ဘူး၊ ပြီးတော့ အခုချိန်မှာ အဓိကပြဿနာက အဆောင်ငှားခပေးဖို့ ငွေမရှိတော့ဘူး။” ဟု ယင်းက ပြောပြခဲ့ပါသည်။

မေလ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့တွင် မြန်ကူသည် COVID-19 အကျပ်အတည်း၏ မြန်မာနို်ငငံအထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် ရိုက်ခတ်မှုကြောင့် အလုပ်မှဆိုင်းငံ့ခံ သို့မဟုတ် ထုတ်ပယ်ခံရသည့် အထည်ချုပ်လုပ်သားများထံ ရန်ပုံငွေပထမအသုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ တစ်လလျှင် ပျမ်းမျှ ငွေကျပ် ၇၅,၀၀၀ ကို ၃ လ အထိ လုပ်သားများထံ တိုက်ရိုက်လွှဲပြောင်းပေးမည်ဖြစ်ပြီး လူအများနှင့်ထိတွေ့မှုကို ရှောင်ရှားနိုင်ရန်အတွက် Wave Money မိုဘိုင်းစနစ်ကို အသုံးချလွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။ ရန်ပုံငွေလွှဲပြောင်းပေးခြင်း ပထမအသုတ်တွင် ဖေဖော်ဝါရီလနှင့် မတ်လတွင် လုပ်ငန်းများရပ်နားခဲ့ရသော စက်ရုံခြောက်ခုမှ လုပ်သားများ ပါဝင်ပါသည်။ နောင်လာမည့် ရက်သတ္တပတ်များအတွင်း မြန်ကူအနေဖြင့် လုပ်သားပေါင်း ၉၀,၀၀၀ ဝန်းကျင်ထံ ပေါက်ရောက်ကူညီမည်ဟု မျှော်မှန်းထားပါသည်။

“မြန်ကူ အရေးပေါ်ငွေသားရန်ပုံငွေဟာ COVID-19 ကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးခဲ့ရတဲ့ ထောင်နဲ့ချီတဲ့လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် ထားရှိတဲ့ ဥရောပသမဂ္ဂရဲ့ အမှန်တကယ် ရပ်တည်ကူညီပေးမှုပါပဲ။ ဒီလုပ်သားတွေအတွက် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ထုတ်ယူနိုင်တဲ့ ငွေကြေးအထောက်အပံ့တွေကို မြန်ကူက ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ပြောကြားခဲ့ပါသည်။ “အခုလိုမျိုး တစ်ကမ္ဘာလုံး အကျပ်အတည်းရင်ဆိုင်ရတဲ့အခါမှာ အထိခိုက်အနစ်နာဆုံးသူတွေကတော့ မရှိနွမ်းပါးသူတွေပါပဲ။ အထိခိုက်လွယ်ဆုံးသူတွေအဖို့ မရှိမဖြစ်လိုမယ့် အကူအညီအထောက်အပံ့တွေကို ပိုပြီးကောင်းကောင်းမွန်မွန်ပေးအပ်နိုင်အောင် တစ်ကမ္ဘာလုံးအနေနဲ့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥရောပသမဂ္ဂဟာ အခုလို ချက်ချင်း တိုက်ရိုက်အကူအညီပေးပြီး စည်းလုံးရပ်တည်မှုကို ပြသနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။”

အထည်ချုပ်လုပ်ငန်းကဏ္ဍမှအပါအဝင် အဓိကစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ကန်ဒေါ်လာ ၇၁ မီလျံ ပမာဏရှိသော COVID-19 ရန်ပုံငွေကို ကိုယ်တိုင် မ တည်ထားတည့် မြန်မာအစိုးရကလည်း ဥရောပသမဂ္ဂ၏ ဤစီမံကိန်းကို ကြိုဆိုခဲ့ပါသည်။ “အလုပ်သမားတွေ အခက်အခဲကြုံတွေ့နေရချိန်မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်ကူအစီအစဉ်ကနေတစ်ဆင့် ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဥရောပသမဂ္ဂနဲ့အတူ လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါသည်။

မြန်ကူ အရေးပေါ်ငွေသား ရန်ပုံငွေမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုရရှိရန် စံသတ်မှတ်ချက်များကို ဤတွင် ဖော်ပြထားပါသည်။

စက်ရုံမန်နေဂျာများအနေဖြင့် မကြာသေးမီက အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အလုပ်သမားများအတွက် မြန်ကူ အွန်လိုင်းလျှောက်လွှာပုံစံကို ဤတွင ဖြည့်သွင်းနိုင်ပါသည်။

အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အထည်ချုပ်စက်ရုံလုပ်သားများအနေဖြင့်လည်း မြန်ကူ၏ ပင်မဟော့ထ်လိုင်း ၀၉-၇၅၀၂၀၈၈၈၇ ဆီသို့ တနင်္လာနေ့မှ သောကြာနေ့အတွင်း မနက် ၈ နာရီမှ ည ၈ နာရီကြားတွင် ကိုယ်တိုင်ဖုန်းခေါ်ဆို၍ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

 

Languages:
Editorial Sections: