European Union supports nutrition and agriculture in Myanmar with EUR 112 million ( 180 billion MMK)

ဥရောပသမဂ္ဂ နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အာဟာရ ကဏ္ဍတို့ကို ထောက်ပံ့ကူညီရန်အတွက် ရန်ပုံငွေသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဥရောပသမဂ္ဂသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို တိုက်ရိုက် ထောက်ပံ့ကူညီရန်အတွက် “မြန်မာနိုင်ငံ ကျေးလက်နေပြည်သူများ၏ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး - အမျိုးသားစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းတွင် ၎င်း၏ အားဖြည့်ကူညီမှုများကို ထောက်ပံ့ပေးခြင်း” စီမံကိန်းမှတစ်ဆင့် ယူရိုငွေ ၁၁၂ မီလီယံ [ငွေကျပ် ၁၈၀ ဘီလီယံ] ကို ၂၀၂၀ - ၂၀၂၅ အတွင်း ရင်းနှီးမြှုပ်နှံသွားပါမည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ခိုင်မာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ရရှိအောင်မြင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် မိခင်နှင့်ကလေးဆိုင်ရာ အာဟာရမလုံလောက်မှုဒဏ်ကို ဆက်လက်၍ မြင့်မားစွာ ခံစားနေရဆဲပင် ဖြစ်ပါသည်။ ဤအခြေအနေကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရသည် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဆင့် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း (MS-NPAN) ကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုစတင်ခဲ့ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) နှင့် ၂၀၁၈/၁၉ မှ ၂၀၂၂/၂၃ အတွင်း MS-NPAN အတွက် ၎င်း၏ အားဖြည့်ကူညီမှုများနှင့်အညီ အာဟာရဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော်ရန် တာဝန်ရှိသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI) အပါအဝင် အခြားဝန်ကြီးဌာနသုံးခု ပါဝင်သော အဖွဲ့ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ပါသည်။
ဥရောပသမဂ္ဂ၏ အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် (NSRC) အသစ်အတွက် ရန်ပုံငွေသဘောတူစာချုပ်သည် ADS အရ လုပ်ဆောင်သော အာဟာရဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံတွင်းရှိ အာဟာရချို့တဲ့မှု အသွင်ပုံစံအားလုံးကို လျှော့ချရန် ဟူသော အစိုးရ၏ သန္နိဌာန် အထမြောက်အောင်မြင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI) အနေဖြင့် ပါဝင်အားဖြည့်နိုင်စေရန် ထောက်ပံ့ကူညီပေးမည် ဖြစ်ပါသည်။
ဥရောပသမဂ္ဂ၏ စီမံကိန်းသစ်သည် ကိုယ်ဝန်ဆောင်/နို့တိုက် မိခင်များ၊ ကလေးသူငယ်များနှင့် အရွယ်ရောက်ခါစ အမျိုးသမီးငယ်များ အပါအဝင် အာဟာရမလုံလောက်မှုဒဏ်ကို ခံစားနေရသော ထိခိုက်အလွယ်ဆုံး တောင်သူများနှင့် ကျေးလက်နေပြည်သူများကို ဦးတည်ပြီး ကျေးလက်ဒေသဝင်ငွေများ မြင့်တက်လာစေရန်၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်စေရန် နှင့် ဘေးကင်းလုံခြုံသော ရေနှင့် အစားအသောက်များကို လက်လှမ်းမီသုံးစွဲနိုင်စေရန်အတွက် ဦးတည်ကြားဝင်ကူညီမှုများမှတစ်ဆင့် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
စီမံကိန်းသည် အာဟာရမလုံလောက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသော ဒေသများအား ရွေးချယ်ကာ ယင်းဒေသများရှိ စိုက်/မွေး/ဆည် ဦးစီးဌာနအချို့၏ ဝန်ဆောင်မှုပေးခြင်းစွမ်းရည်များကို မြှင့်တင်ပေးရန် ထောက်ပံ့ကူညီပေးမည် ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုများတွင် ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးအတွက် အဆင့်မြှင့်တင်ထားသော မျိုးစေ့များ၊ သစ်သီးဝလံများ၊ ပိုမိုကောင်းမွန်သော တိရစ္ဆာန်ကျန်းမာရေးနှင့် သားဖောက်ခြင်း ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီရရှိစေခြင်းအပြင် ထိခိုက်အလွယ်ဆုံးသူများအတွက် ဘေးကင်းလုံခြုံသော သောက်သုံးရေနှင့် စိုက်ပျိုးမြေကို ပိုမိုလက်လှမ်းမီစေခြင်း စသည်တို့ ပါဝင်ပါသည်။
ဤ ဥရောပသမဂ္ဂ စီမံကိန်းသစ်ကို ဘတ်ဂျက်အထောက်အပံ့ပုံစံဖြင့် အကောင်အထည်ဖော်ပြီး စိုက်/မွေး/ဆည် ဝန်ကြီးဌာနကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အာဟာရဆိုင်ရာ ကြားဝင်ကူညီမှုများ တိုက်ရိုက်အကောင်အထည်ဖော်ရန်အတွက် ယူရိုငွေ ၇၀ မီလီယံ ပေးအပ်မည်ဖြစ်ကာ အဖွဲ့အစည်းလိုက်နှင့် သုတေသနဆိုင်ရာစွမ်းရည်နယ်ပယ်များတွင် စိုက်/မွေး/ဆည် ဝန်ကြီးဌာနကို နည်းပညာအထောက်အပံ့ ပေးအပ်ရန်၊ ဆင်းရဲနွမ်းပါးသူများအား အကျိုးဖြစ်ထွန်းစေသော စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များ ရေးဆွဲချမှတ်ရန် နှင့် ပဋိပက္ခဒဏ်ခံ ဒေသများနှင့် COVID – 19 ရောဂါ ကူးစက်ဖြစ်ပွားနေသော ဒေသများတွင် အာဟာရ နှင့် လူမှုဖူလုံရေး အထောက်အပံ့များ ပေးအပ်မည့် အခြား တိုက်ရိုက်အကူအညီများအတွက် ယူရိုငွေ ၄၂ မီလီယံကို သီးခြားပေးအပ်မည် ဖြစ်ပါသည်။