အထည်ချုပ်လုပ်သား ပထမအသုတ်မှ အီးယူ၏ မြန်ကူ အရေးပေါ်ငွေသား ရန်ပုံငွေအား လက်ခံရရှိ

30.04.2020

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် သက်ရောက်ခဲ့သော COVID-19 အကြပ်အတည်းကြောင့် အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသည့် လုပ်သားများထံသို့ အီးယူ၏ မြန်ကူ အရေးပေါ် ငွေသား ရန်ပုံငွေကို ပထမဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ ၁ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

“မတ်လ ၇ ရက်နေ့က ကျွန်မ စက်ရုံကနေ အထုတ်ခံရတယ်။ အရင်တုန်းကဆို ကျွန်မ မိသားစုအတွက် အိမ်ငှားခနဲ့ အစားအသောက်အတွက် ထောက်ပံ့ပေးနိုင်ခဲ့တယ်။ အခုတော့ ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး။” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ စက်ချုပ်သမ မသူဇာအောင်က ပြောပြခဲ့သည်။ သူမသည် မြန်ကူ ရန်ပုံငွေထံမှ ငွေကျပ် ၇၅,၀၀၀ လက်ခံရရှိမည့် အထည်ချုပ်လုပ်သား ပထမအသုတ်တွင် ပါဝင်ပါသည်။ မသူဇာအောင်မှာ ကမ္ဘာတစ်ဝန်း ကူးစက် ပျံ့ပွါးနေသည့် ကိုရိုနာဗိုင်းရပ်စ်၏ ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှုကြောင့် လွန်ခဲ့သည့်နှစ်လအတွင်း အလုပ်အကိုင်ဆုံးရှုံးခဲ့ရသည့် အထည်ချုပ်လုပ်သား ၃၀,၀၀၀ ခန့်အနက်မှ တစ်ဦးပင်  ဖြစ်ပါသည်။

မြန်ကူသည် အလုပ်မှထုတ်ပယ် သို့မဟုတ် ဝန်ထမ်းအင်အားလျှော့ချခံခဲ့ရသည့် အထည်ချုပ်လုပ်သားများထံအား ပံ့ပိုးကူညီရန် မေ၊ ဇွန်နှင့် ဇူလိုင်လတို့တွင်  ၎င်းတို့ထံသို့ တိုက်ရိုက် ငွေကြေး လွှဲပြောင်းပံ့ပိုးသွားမည်ဖြစ်သည်။ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာ ဝယ်လက်များထံမှ အဝယ်အမှာစာများ ပယ်ဖျက်ခြင်း၊ ကြန့်ကြာခြင်း၊ လျော့နည်းခြင်းမျိုး ရှိနေဦးမည်ဖြစ်ရာ လာမည့် လအနည်းငယ်အထိ ကြပ်တည်း ခက်ခဲနေလိမ့်မည်ဖြစ်သည်။

 

“အလုပ်သမားတွေအဖို့ ခက်ခဲရုန်းကန်ရတဲ့ ဒီလိုအချိန်မျိုးမှာ မြန်ကူအစီအစဉ်ကနေတစ်ဆင့် အီးယူကပေးလာတဲ့ အထောက်အပံ့တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီအရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့အတွက်လည်း ကျွန်တော်တို့ အီးယူနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

 

“မြန်ကူ အရေးပေါ်ရန်ပုံငွေဟာ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် စားဝတ်နေရေး ခက်ခဲနေရတဲ့ ထောင်နဲ့ချီတဲ့လုပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအပေါ် ထားရှိတဲ့ ဥရောပသမဂ္ဂရဲ့ စစ်မှန်တဲ့ အတူတကွရပ်တည်မှုတစ်ခုပါပဲ။ ဒီအလုပ်သမားတွေအဖို့ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ နဲ့ လက်လှမ်းမီနိုင်တဲ့ ငွေကြေးအထောက်အပံ့မျိုးကို မြန်ကူက လုပ်ဆောင်ပေးမှာပါ။ အခုလို ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းကို အခြေခံလိုအပ်ချက်များရှိနေတဲ့ သူတွေက ပိုပြီး ခံစားရပါတယ်။ ကမ္ဘာ့အနှံ့မှာ ကျွန်တော်တို့က ပိုပြီး ထိခိုက်နစ်နာခံရတဲ့ သူတွေအတွက် လုံခြုံစိတ်ချရတဲ့ ကွန်ရက်ကို တိုးမြှင့်သွားရမှာဖြစ်ပြီး အခုလိုမျိုး ချက်ချင်းနဲ့ တိုက်ရိုက် ပံ့ပိုးကူညီနိုင်မယ့် ကမ်းလက်တစ်စုံကို ဥရောပသမဂ္ဂအနေနဲ့ အတူတကွရပ်တည်ခြင်းကို ပြသသောအားဖြင့် ပံ့ပိုးကူညီပေးနိုင်တာကို ကျွန်တော် ဂုဏ်ယူမိပါတယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုသည်။

 

ပထမအသုတ်အဖြစ် ငွေလွှဲပြောင်း ထောက်ပံ့မှုတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စက်ရုံခြောက်ရုံမှ အလုပ် ဆိုင်းငံ့ခံခဲ့ရသည့် အလုပ်သမားများ ပါဝင်ပါသည်။ မြန်ကူအနေဖြင့် လာမည့်အပတ်များတွင် အလုပ်သမား ၉၀,၀၀၀ ခန့်ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။

နောက်ခံ အကြောင်းအရာ

အလုပ်မှ ဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အလုပ်သမားများအတွက် စက်ရုံမန်နေဂျာများအနေဖြင့် မြန်ကူ၏ ဤအွန်လိုင်း လျှောက်လွှာပုံစံတွင် စာရင်း ပေးသွင်းနိုင်ပါသည်။ https://www.smartmyanmar.org/en/employer-application-for-myan-ku-support-for-workers

အလုပ်မှဆိုင်းငံ့ သို့မဟုတ် ထုတ်ပယ်ခံခဲ့ရသော အထည်ချုပ်လုပ်သားများအနေဖြင့်လည်း မြန်ကူ၏ ပင်မဟော့လိုင်း နံပါတ် - ၀၉-၇၅၀၂၀၈၈၈၇ ဆီသို့ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း ကိုယ်တိုင်ဖုန်းခေါ်ဆို၍ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

မြန်ကူသည် ဥရောပသမဂ္ဂမှ ယူရို ၅ သန်း [မြန်မာငွေကျပ် .၉ ဘီလီယံ] ဖြင့် ရန်ပုံငွေ ပံ့ပိုးထားသော အစီစဉ်တစ်ခု ဖြစ်ပါသည်။

မြန်ကူ ရန်ပုံငွေသည် နိုင်ငံသားပိုင်၊ အကျိုးတူပိုင် သို့မဟုတ် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံများမှ ထိခိုက်နစ်နာခဲ့ရသော အထည်ချုပ်လုပ်သားများအား တိုက်ရိုက် ငွေလွှဲပြောင်း ထောက်ပံ့ပေးနေပါသည်။ (၁) လက်ရှိအခြေအနေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် (သို့မဟုတ်) (နှင့်) ၎င်းတို့ နေထိုင်ရာနေရာများမှ နှင်ထုတ်ခံရခြင်းအစရှိသည့် အခက်ခဲများရှိနေသည့် လုပ်သားများ (၂) လုပ်ငန်းရှင်နှင့် လုပ်သားများအကြား ချုပ်ဆိုထားသည့် စာချုပ်များ တရားမဝင် ရပ်စဲရုပ်သိမ်းခံရခြင်းအပြင် အကျိုးအကြောင်းဆီလျော်မှုမရှိသည့် ညွှန်ကြားချက်များကို ကြုံတွေ့ခံစားခဲ့ရသည့် လုပ်သားများနှင့် (၃) လုပ်သားများအား ဆက်လက်လုပ်ကိုင်ခွင့် ပေးရန်နှင့် ၎င်းတို့အား အနည်းဆုံး သင့်တော် သည့် အထောက်အပံ့များကိုလည်း  ပံ့ပိုးပေးရန် သဘောတူ ညီထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များမှ လုပ်သားများ စသည်တို့ထံသို့  ဝေ့မန်းနီး (Wave Money) ဝန်ဆောင်မှုမှတဆင့် ငွေလွှဲပြောင်း ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပံ့ပိုးကူညီမှု ရရှိမည့် သူများကို အလုပ်သမားသမဂ္ဂများ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုများမှတဆင့်  စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။ ယင်းအတွက် သတ်မှတ်ချက်ပြည့်မီမှု စံနှုန်းများအကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/2KL47xJ တွင် လေ့လာနိုင်ပါသည်။

မြန်ကူကို UNOPS မှ စီမံခန့်ခွဲသော အီးယူ၏ လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှတစ်ဆင့် ငွေကြေးထောက်ပံ့ပေးထားသည့်အပြင် အီးယူ၏ SMART အထည်အလိပ်နှင့်အထည်ချုပ် စီမံကိန်းအဖွဲ့ နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်းများ၊အသင်းအဖွဲ့များ၊ အထူးသဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)Centre for Economic and Social Development (CESD) နှင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် NGO များမှ ပူးတွဲ လုပ်ဆောင်လျက်ရှိပါသည်။

Infographic