ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးတိုးမြှင့်ဖော်ဆောင်ခြင်း - ဥရောပသမဂ္ဂ၏ တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ်

16/12/2019 - 09:33
News stories

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ချီသော လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် ပြည်သူပေါင်း ၁၀၅,၀၀၀ ကျော်မှာ နေရပ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဥရောပသမဂ္ဂ၏ တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ်ဆိုသည်မှာ အဆိုပါဒုက္ခသည် အများအပြား၏ အနာဂတ်ဘဝတည်ဆောက်ရေးအတွက် ခိုင်မာကောင်းမွန်သော နည်းလမ်းများ ကူညီရှာဖွေပေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် နှင့် ၎င်းတို့၏ အခွင့်အရေးနှင့်လိုအပ်ချက်များအတွက် ရပ်တည်လှုံ့ဆော်သူများ ဖြစ်လာစေရန် အကူအညီပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အနီးရှိ မိုင်းနား ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများဒုက္ခသည်စခန်းသို့ ရိုစီဆွန်း ရောက်ရှိလာခဲ့သည်။ သူမ၏ နေရပ်ဖြစ်သောရွာတွင် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားသောကြောင့် ၂၀၁၁ ခုနှစ်တွင် ခင်ပွန်းသည်၊ သားသမီး ၆ ယောက်တို့နှင့်အတူ သူမတို့၏ လိမ္မော်ခြံကို စွန့်ခွာခဲ့ကြရသည်။ ကျွန်မက ခြံသမားပါ။ စခန်းမှာတော့ ယက်ကန်းပညာသင်ပြီး တစ်လကို လုံချည် ၅ ထည် ၆ ထည်ယက်နိုင်ရင် မြန်မာငွေ ၁၂,၀၀၀ လောက်လေးတော့ ရပါတယ်။ ရွာပြန်ပြီး ခြံပြန်လုပ်ရရင် အရမ်းကောင်းမှာပဲ၊ ဒါပေမဲ့ လောလောဆယ် ကျွန်မတို့မြေကို သူများကို သိမ်းထားပြီ။ ကျွန်မတို့ ကိုယ်ပိုင်တဲ့နေရာမှာတောင် ကိုယ်နေလို့မရဘူး။

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော ဒေသများမှ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများအတွက် အကြီးမားဆုံး အခက်အခဲများမှာ မြေယာသိမ်းယူခံရခြင်း၊ မြေယာပိုင်ဆိုင်ခွင့်ဆုံးရှုံးခြင်းနှင့် အကျိုးဆက်အဖြစ် အသက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးရခြင်းတို့ ဖြစ်သည်။ ဥရောပသမဂ္ဂ၏ တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးအစီအစဉ်သည် ပဋိပက္ခဒဏ်ခံရသော  ဒုက္ခသည်များအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် ကူညီပေးရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ပြောဆိုရာတွင် ပိုမိုတက်ကြွလာစေရန် လူထုနှင့် လူမှုအဖွဲ့အစည်းများ နှင့် တွဲဖက်လုပ်ကိုင်လျက်ရှိသလို လူထု၏လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်စေရန် တစ်ဖက်တွင်လည်း အာဏာပိုင်များနှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်အတွင်း၌ပင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၃,၅၀၀ ကျော်သည် ၎င်းတို့၏ အခွင့်အရေးများ၊ အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်များအကြောင်းနှင့် ဘူမိနက်သန်ရပ်ရွာများသို့ ပြန်နိုင်မည့်အစီအစဉ်များကို ပြင်ဆင်နိုင်ရန် အသိပညာပေးသည့် ခိုင်မာကောင်းမွန်သော ဖြေရှင်းနည်းများရှာဖွေခြင်း ဆွေးနွေးဝိုင်းများသို့ တက်ရောက်ခဲ့သည်။ ရာနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများနှင့်လည်း တွဲဖက်လုပ်ကိုင်ကာ ၎င်းတို့အား စီးပွားရေးလုပ်ငန်းငယ်များ ထူထောင်ရာတွင် ကူညီပေးပြီး ဝင်ငွေတိုးတက်စေရန်ရည်ရွယ်၍ စာရင်းကိုင်အတတ်ပညာ နှင့် စီးပွားရေးစီမံခန့်ခွဲခြင်းတို့ကိုလည်း လေ့ကျင့်ပေးခဲ့ပါသည်။

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ်သည် ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်၌ အခြေတည်ခဲ့ပြီး ယခုအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းများကိုလည်း ကူညီပံ့ပိုးပေးရန် တိုးချဲ့ပြီးဖြစ်သည်။ ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ပေးထားသော ယူရို ၁၉.၅ သန်း တန်ကြေးရှိ ဤအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ Oxfam အဖွဲ့အစည်းမှ စီမံခန့်ခွဲပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ကရုဏာလူမှုကြံ့ခိုင်ရေးအဖွဲ့အစည်း၊ မေတ္တာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း၊ SwissAid နှင့် Trocaire တို့အပါအဝင် အလွန်ဝေးကွာသော နယ်မြေများမှ လူ့အဖွဲ့အစည်းများကိုလည်း ကူညီပံ့ပိုးနိုင်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ကျော်နှင့်အတူ အဖွဲ့ဝင် ၇ မျိုးပါဝင်သော ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ပူးပေါင်းအကောင်အထည်ဖော်ဆောင်လျက်ရှိသည်။ ဤအစီအစဉ်သည် အမျိုးသားနှင့်အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးနှင့် တာဝန်များကို ပိုမိုသိရှိနားလည်လာစေရန်၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုတက်ကြွထိရောက်စွာ ပါဝင်လှုပ်ရှားလာနိုင်စေရန် ကူညီပံ့ပိုးပေးပါသည်။

အသက် ၂၁ နှစ်ရှိပြီဖြစ်သော ဘောက်နူးအောင်သည် မိုင်းနားဒုက္ခသည်စခန်းတွင် ၂၀၁၂ ကတည်းက နေထိုင်ခဲ့ကာ ဒေသတွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများတက်ရောက်ခဲ့ပြီးဖြစ်သည်။ ကျွန်မက စခန်းမှာနေထိုင်ရတဲ့အခြေအနေတွေကြောင့် နိုင်ငံရေးလုပ်ချင်လာတာပါ။ အခုထိတော့ တခြားအမျိုးသမီးတွေကို ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ အမျိုးသမီးအခွင့်အရေးတွေအကြောင်း သင်ကြားလေ့ကျင့်ပေးခဲ့နိုင်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွာ ပါဝင်နိုင်စေရန်ရည်ရွယ်၍ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမျိုးသမီးအများအပြားပါဝင်သော ငြိမ်းချမ်းရေးဗိသုကာမျိုးဆက်သစ်တစ်ရပ်ကို ပဋိပက္ခဆန်းစစ်လေ့လာခြင်း နှင့် ဆွေးနွေးပွဲဦးဆောင်ခြင်းသင်တန်းများဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ Trocaire နှင့် ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KDG) တို့မှ ၂၀၁၉ ဧပြီလတွင် လူငယ်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပစီစဉ်ပေးခဲ့ရာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ဒုက္ခသည်စခန်းများ နှင့် ဒေသခံလူ့အဖွဲ့အစည်းများမှ လူငယ်ပေါင်း ၁,၀၀၀ ကျော် တက်ရောက်စုဝေးခဲ့ပြီး ၎င်းတို့အပူပန်ဆုံးဖြစ်သော ပြဿနာရပ်များဖြစ်သည့် ငြိမ်းချမ်းရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေး တို့ကို စိတ်အားထက်သန်စွာ ငြင်းခုံဆွေးနွေးခဲ့ကြပါသည်။

 

အကြမ်းဖက်ပဋိပက္ခများကြောင့် ရရှိသောစိတ်ဒဏ်ရာ၊ အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးမှုနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝအတွက် မျှော်လင့်ချက်ယိုယွင်းလာမှုတို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူများမှာ မျှော်လင့်ချက်မဲ့ကာ အလွန်တရာ စိတ်အားငယ်ကြရပါသည်။ ကျား-မအခြေပြု အကြမ်းဖက်မှုနှုန်းနှင့် အမျိုးသားရော အမျိုးသမီးများမှ အိမ်တွင်းအကြမ်းဖက်မှုကိုလက်ခံနှုန်းတို့ မြင့်တက်လာကြောင်း အစီရင်ခံချက်များလည်း ရှိသည်။ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ်သည် လွန်ခဲ့သောနှစ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၃,၂၀၀ ကျော်ကို စိတ်ဒဏ်ရာအား နားလည်သဘောပေါက်စေရန် နှင့် နှစ်သိမ့်ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပြီး ကျား-မအခြေပြု အကြမ်းဖက်မှုဒဏ်မှ လွတ်မြောက်လာသော အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသည့်ဝန်းကျင်ကို ဖန်တီးပေးရန် အမျိုးသမီးစင်တာတစ်ခုကို တည်ထောင်ပေးခဲ့ပါသည်။ ထို့အပြင် အမျိုးသမီးများကို အားပေးမြှင့်တင်ပေးရန်နှင့် အရေးပါသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်လာနိုင်စေရန် ပံ့ပိုးကူညီပေးရန်အတွက် လူမှုအဖွဲ့အစည်းများနှင့်လည်း တွဲဖက်လုပ်ကိုင်လျက်ရှိပါသည်။

တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက ဤတွင် ဖတ်ပါ။

Languages:
Editorial Sections: