ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံသည် တရားဝင်သစ်ထုတ်လုပ်မှုဆိုင်ရာ သစ်တောအုပ်ချုပ်မှုစနစ်နှင့် ကုန်သွယ်မှု အတွက် ပူးတွဲကတိကဝတ်အပေါ် အားဖြည့်ဆောင်ရွက်သည်။

08/11/2019 - 09:17
News stories

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်ခြင်းနှင့် သစ်ကုန်သွယ်ခြင်း တရားဝင်မှုကို မြှင့်တင်ပေးခြင်းဆိုင်ရာ ဦးစားပေးလုပ်ငန်းဆောင်ရွက်ချက်များအတွက် လုပ်ငန်းလမ်းပြမြေပုံကို စတင်ရေးဆွဲရန် ဆက်စပ်ပတ်သက်သူဦးရေ ၁၄၀ ကျော်သည် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံသွားမည်  ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) နှင့် ဥရောပသမဂ္ဂတို့မှ ဦးဆောင်သွားမည်ဖြစ်သည်။ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုလုံးမှ အစိုးရ ကဏ္ဍ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များ ပါဝင်သွားမည် ဖြစ်ပါသည်။ အများစုအတွက် ယခုကဲ့သို့ ၎င်းတို့၏ ဆက်စပ်ပတ်သက်သည့်အဖွဲ့အား ကိုယ်စားပြုခြင်းနှင့် သစ်တောအုပ်ချုပ်မှု မြှင့်တင်ရေး နှင့်ပတ်သက်သည့် အမျိုးအသားအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းတို့သည် ပထမဆုံးအကြိမ် ဖြစ်လိမ့်မည် ဖြစ်ပါသည်။  

မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်မှုနှင့်ပတ်သက်ပြီး ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သော်လည်း အလွန်အကျွံသစ်ထုတ်ယူမှုနှင့် ရေရှည်တည်တံ့မှုမရှိသော သစ်တောစီမံခန့်ခွဲရေး ကျင့်သုံးမှု များကြောင့် လတ်တလော ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ သစ်တောများ သိသိသာသာ ဆုံးရှုံးမှုနှင့် သစ်တော အရည်အသွေးကျဆင်းခြင်းတို့ကို မြင်တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် သစ်တောဖုံးလွှမ်းမှုတွင် ၂၀၀၀ ခုနှစ်၌ ၆၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ  ကမ္ဘာတွင် နှစ်စဉ်သစ်တော ပြုန်းတီး မှုနှုန်းတွင် တတိယအမြင့်ဆုံးရှိနေကြောင်း ၂၀၁၅ ခုနှစ်တွင် အစီရင်ခံမှုများ ရှိခဲ့ပါသည်။[1]

သဘာဝသစ်တောများမှရရှိသော မြန်မာကျွန်းသစ်သည် ကမ္ဘာတွင် တစ်မူထူးခြားပြီး၊ ကမ္ဘာ့ဈေးကွက်၌ ထိပ်တန်း ဝင်ခြင်း၊ အရည်အသွေးမြင့် သစ်ဖြစ်ခြင်း၊ မာကျောမှုအတွက် ကျော်ကြားခြင်း၊ အင်းဆက်နှင့် ရေဒဏ်ကို ခုခံနိုင်ခြင်း နှင့် သုခုမမူဟန်အရည်အသွေးများရှိခြင်းကဲ့သို့သော ဂုဏ်သတင်းများကို ပိုင်ဆိုင်ထားပါသည်။ အဓိကအားဖြင့် ပရိဘောဂများနှင့် လှေဆောက်လုပ်ခြင်းကဏ္ဍများအတွက် ဝယ်လိုအား နှင့် ကမ္ဘာ့ဈေးကွက်မှ ဝယ်လိုအားတို့သည် ရေရှည်တည်တံ့သော စီမံအုပ်ချုပ်မှုဖြင့် အုပ်ချုပ်ထားသော သဘာဝသစ်တောများမှ ထောက်ပံ့ပေးနိုင်မှုထက် ပိုမိုကျော်လွန်နေပါသည်။

MONREC သည် ဥရောပသမဂ္ဂနှင့် ပူးပေါင်းကာ သစ်တရားဝင်ဖြစ်မှုနှင့် ပတ်သက်ပြီး သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေး (FLEGT) ကို မြှင့်တင်ပေးရန် လုပ်ဆောင်ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့ စေသော သစ်တောစီမံအုပ်ချုပ်မှုဖြင့် စီမံအုပ်ချုပ်ထားသော သစ်တောများမှသာ အရည်အသွေးမြင့် သစ်ထွက်ကုန်များကို ထောက်ပံ့တင်ပို့သူအဖြစ် မြန်မာ့ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေပါသည်။

မြန်မာအစိုးရနှင့် အခြားဆက်စပ်ပတ်သက်သူများသည် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လုပ် ဆောင်နေခဲ့ကြပြီး ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ သစ်အလုံးလိုက်တင်ပို့မှုတားမြစ်ခြင်းကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ သစ်ထုတ်ရာသီတွင် တစ်နှစ်တာသစ်ထုတ်ယူမှု ရပ်နားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် MONREC မှ အရပ်ဘက် လူမှုအဖွဲ့ အစည်းများကဲ့သို့သော  လွတ်လပ်သည့်လေ့လာသူများအား သစ်ထုတ်ယူမှု လုပ်ငန်းစဉ်များကို လေ့လာခွင့် ပြုခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်မှ စီမံအုပ်ချုပ်သော သစ်တောများမှ တရားဝင်သစ်ထုတ်ယူရေးနှင့် ပတ်သက်သော အဆင့်အားလုံးကိုဖော်ပြထားသည့် သစ်လွှဲပြောင်းပိုင်ဆိုင်မှုကွင်းဆက်ဆိုင်ရာ လုပ်ငန်းစဉ်များအမှုတွဲဟု အများ သိသော သမိုင်းမှတ်တိုင်တစ်ခုကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါနှစ်အတွင်းမှာပင် အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် အမျိုးသား အဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုမှ ဒေသအဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့များအား အသီးသီးဖွဲ့စည်းခဲ့ပါသည်။

သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးတွင် ဥရောပကော်မရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညွှန်ကြားရေး မှူးချုပ်ရုံးမှ ဖြစ်သော Mrs. Dørte Pardo López မှ “၂၀၁၃ ခုနှစ်မှ စတင်ကာ ဥရောပသမဂ္ဂ သစ်တင်သွင်းခြင်း ဆိုင်ရာ စည်းမျဉ်းအားဖြင့် ဥရောပသမဂ္ဂ၏ ပြည်တွင်းဈေးကွက်ထဲသို့ တရားမဝင် ထုတ်ယူထားသောသစ်များ တင်ပို့မှုကို တားမြစ်ခဲ့ပြီး၊ တရားမဝင်ထုတ်ယူထားသော သစ်များ ဥရောပသမဂ္ဂဈေးကွက်အတွင်းသို့ ဝင်ရောက်မှု အန္တရာယ်အား မပြောပလောက်သော ပမာဏသာဖြစ်ကြောင်း သေချာစေရန် တာဝန်ခံနိုင်သည့်စနစ် (Due Diligence) အား ကျင့်သုံးရန် တင်ပို့သူများအား တောင်းဆိုခဲ့ပါသည်။ မပြောပလောက်သော အန္တရာယ်အဆင့်အထိ ရောက်ရှိစေရန်အတွက် မြန်မာနိုင်ငံသည် သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ ဥရောပသမဂ္ဂနှင့် သစ်ထုတ်လုပ်မှု လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေပါသည်။ ယနေ့တွင် ကျွန်ုပ်တို့အနေဖြင့် ကျန်ရှိနေသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ခိုင်မာသောလုပ်ငန်းလမ်းပြမြေပုံ ရေးဆွဲခြင်းကို စတင်ကြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မာများကို ဝယ်ယူလိုခြင်းကြောင့် မြန်မာနိုင်ငံ၏ အဖိုးတန်ပြီး တစ်မူထူးခြားသော အရင်းအမြစ်များအပေါ် ဖိအားဖြစ်ပေါ်နေစေသော ဥရောပနိုင်ငံများအနေဖြင့် သစ်တောအုပ်ချုပ်ရေးနှင့် တရားဝင် သစ်ထုတ်လုပ်ရေးကို မြှင့်တင်ရန် ကြိုးစားနေမှုများအပေါ် အကူအညီ ပေးရန်လိုအပ်ပါသည်။ ထိုကြောင့်ပင် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံမှ အဆိုပါ စိန်ခေါ်မှုများအား ဖြေရှင်းနေမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရေး အကူအညီပေးရန် ကတိကဝတ်ပြုထားခဲ့ပြီ ဖြစ်ပါသည်။” ဟု ပြောကြားခဲ့ပါသည်။


[1] FAO Global Forest Resources Assessment 2015

နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် ဆက်စပ်ပတ်သက်သူများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များအားလုံးပါဝင်မှုနှင့် ၂၀၁၅ မှ စတင်ကာ လုပ်ဆောင်ခဲ့သော အခြား FLEGT ဆိုင်ရာ လုပ်ငန်းများကို အခြေခံ၍ မဟာဗျူဟာကျသောလုပ်ငန်းများကို ဖော်ထုတ်သွားမည်ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်သူများသည် မြန်မာ့သစ်များကိုဝယ်ယူသူများမှ မြန်မာနို်ငငံ၏ တရားမဝင် သစ်ထုတ်လုပ်ခြင်း အန္တရာယ်များနှင့် ဖြေလျော့မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေပြဌာန်းချက်များကို ရရှိရေး ကြိုးပမ်းရာတွင် ကြုံတွေ့နိုင်သည့် ပြဿနာ/အခက်အခဲများကို ဖော်ထုတ်သွားပါမည်။ ၎င်းတို့အနေဖြင့် သစ်ထုတ်ယူရာတွင် ကျင့်သုံးရမည့် နိုင်ငံအဆင့် ဥပဒေပြဌာန်းချက် နယ်ပယ်ကိုလည်း  ဆွေးနွေးသွားမည် ဖြစ်ပြီး ရှာဖွေတွေ့ရှိလာသော ပြဿနာရပ်များအတွက် အဖြေများကိုလည်း ဖော်ထုတ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တွင် ညှိနှိုင်းနိုင်ရန် အတွက် လိုအပ်သော အခြေအနေများနှင့် ကိုက်ညီခြင်းမရှိသေးသော်လည်း၊ ‘တရားဝင်သစ်’ ဟု ခေါ်ဆိုနိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မြန်မာဥပဒေအရ ရေးဆွဲနိုင်ပါခြင်းသည် ၎င်းတို့၏ ဈေးကွက်များ အတွင်းသို့ တရားမဝင် ထုတ်ယူထားပြီး၊ အန္တရာယ်ရှိသစ်များကို တင်သွင်းခြင်းမပြုသည့် နိုင်ငံများ၏ လိုအပ်ချက် များနှင့် ကိုက်ညီစေရန် အတွက် စည်းမျဉ်းနှင့် စည်းကမ်းများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မည့် အခန်းကဏ္ဍများ ဖော်ထုတ်ရာတွင် အကူအညီဖြစ်နိုင်မည်ဖြစ်ကြောင်း ဆက်စပ်ပတ်သက်သူများမှ ယုံကြည်ကြပါသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား FLEGT Facility နှင့် FAO-EU FLEGT Programme[2] မှ တစ်ဆင့် မဟာနည်းဗျူဟာ FLEGT ဦးစားပေးချက်များ အကောင်အထည်ဖော်ရန် ကူညီပေးခဲ့ပြီးဖြစ်ပြီး၊ အနာဂတ် တွင်လည်း ထိုကဲ့သို့ အကူအညီပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ဥရောပသမဂ္ဂ သစ်တင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်း၏ နောက်ခံအကြောင်းအရား

သစ်တင်သွင်းသူများမှ ဥရောပဈေးကွက်အတွင်း တရားမဝင်ထုတ်ယူထားသော သစ်များ သို့မဟုတ် သစ်ထုတ်ကုန် များအား တင်သွင်းခြင်းကို တားမြစ်သော ဥရောပသမဂ္ဂ သစ်တင်သွင်းခြင်းဆိုင်ရာ စည်းမျဉ်း (EUTR) ဟု ခေါ်သော ဥပဒေပြဌာန်းချက်ကို ဥရောပသမဂ္ဂမှ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သစ်တင်သွင်းသူများအနေဖြင့် တင်သွင်းသောသစ်အားလုံးသည် သစ်ထုတ်ယူသောနိုင်ငံအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လျော်ညီစွာ ထုတ်ယူထားကြောင်းနှင့် ၎င်းတို့ဝယ်ယူရန် ရည်ရွယ်ထားသော သစ်များသည် တရားမဝင် ထုတ်ယူထားသည့် အန္တရာယ်နည်းပါးကြောင်း သေချာစေရန် တာဝန်ခံနိုင်မှုစနစ် (Due Diligence) ကို ကျင့်သုံး ရမည်ဖြစ်သည်။

သစ်တင်သွင်းသူများအနေဖြင့် အဆင့်သုံးဆင့်ပါဝင်သော Due Diligence ကို ကျင့်သုံးရမည်ဖြစ်သည်။ (၁) တရားဝင် သစ်ထုတ်ယူခြင်းနှင့် ဆက်စပ်သော သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ (၂) ထောက်ပံ့မှု ကွင်းဆက် တစ်လျှောက် တရားမဝင်သစ်များ ဝင်ရောက်နိုင်သည့် အန္တရာယ်ကို ဆန်းစစ်အကဲဖြတ်ခြင်းတို့ ဖြစ် သည်။ အကယ်၍ ဒုတိယအဆင့်လုပ်ဆောင်ခြင်းအားဖြင့်  တရားမဝင်သစ်ဖြစ်နိုင်သည့် အန္တရာယ်များ သိသာ ထင်ရှားကြောင်း တွေ့ရှိခဲ့ပါက သစ်တင်သွင်းသူများအနေဖြင့် (၃) တရားမဝင်သစ်ထုတ်လုပ်မှု အန္တရာယ်ကို မပြောပလောက်သော အဆင့်သို့ လျှော့ချနိုင်ရန်အတွက် လုံလောက်သော အန္တရာယ် လျော့ကျစေသည့် ဆောင်ရွက်မှုများ လုပ်ဆောင် ရမည်။ ထိုကဲ့သို့ အန္တရာယ်ကို မလျှော့ချနိုင်လျှင် အဆိုပါသစ်နှင့် သစ်တောထွက်ပစ္စည်း များသည် ဥရောပစျေးကွက် အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။

၂၀၁၇ ခုနှစ်မှစတင်ကာ EUTR/FLEGT ကျွမ်းကျင်သူအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် ထုတ်ယူထား ခဲ့သောသစ်များတင်ပို့မှု အန္တရာယ်ကို မပြောပလောက်သော အဆင့်အထိ လျှော့ချနိုင်ရန်အတွက် လုံလောက် သော ဆောင်ရွက်မှုများ လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါသည်။ သစ်ထုတ်ယူမှု စီမံချက်၊ ဥပဒေများနှင့် လိုက်နာရမည့် အခြားဥပဒေပြဌာန်းချက်များ၊ ဖြေလျှော့မှုများနှင့် အန္တရာယ်များ စသည်တို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူသိရှိအောင် ချပြထားနိုင်မှုအားနည်းသည့်အတွက ပထမအဆင့်ကိုပင် လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။ 

မြန်မာနိုင်ငံမှ EU သို့ တင်ပို့ခဲ့သော သစ်ပမာဏကို ခန့်မှန်းရန်အတွက် ခက်ခဲနေပါသည်။ မြန်မာကျွန်းသစ် အများစုအား တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြင့် ကုန်သွယ်မှု လုပ်ဆောင်ခဲ့ပြီး၊ ခန့်မှန်းခြေအရ ၂၀၀၇ နှင့် ၂၀၁၇ ခုနှစ်ကြားတွင် အမေရိကန်ဒေါ်လာ ၂.၇၉ ဘီလီယံ တန်ဖိုးရှိ ကျွန်းသစ် ကုဗမီတာ ၄ သန်းအား ကုန် သွယ်မှုပြုခဲ့ပါသည်။ အဆိုပါကုန်သွယ်ခဲ့သောသစ်များ၏ သိသာထင်ရှားသော ပမာဏကို ဥရောပနှင့် အမေရိကန် ဈေးကွက်များသို့ ပြန်လည်တင်ပို့ခဲ့ကြောင်း ခန့်မှန်းရသော်လည်း တရားမဝင်ဖြစ်နိုင်သည့် အန္တရာယ်ကို လျစ်လျူရှု၍မရသော သစ်နှင့်သစ်တောထွက်ပစ္စည်းများဖြစ်သည်ဟု ယူဆရပါသည်။ သို့အတွက် ဥရောပသမဂ္ဂ ဈေးကွက်ထဲသို့ ဝင်ရောက်ခွင်ပြုနိုင်လိမ့်မည်မဟုတ်ပါ။

နောက်ဆက်တွဲသိလိုသည်များအတွက် ကျေးဇူးပြုပြီးဆက်သွယ်ရန် -

Valerie ZIRL

သတင်းအချက်အလက်အရာရှိ၊ မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့

Valerie.ZIRL@eeas.europa.eu

 

[2] FAO-EU FLEGT Programme သည် ဥရောပသမဂ္ဂ The Swedish International Development Cooperation Agency နှင့် United Kingdom ၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာတို့မှ ရန်ပုံငွေထောက်ပံ့ထားသော ကုလသမဂ္ဂစားနပ် ရိက္ခာ နှင့်စိုက်ပျိုးရေးအဖွဲ့၏ အစီအစဉ်တစ်ခုဖြစ်ပါသည်။ အစီအစဉ်မှ တရားဝင်ပြီးရေရှည်တည်တံ့သောသစ်ထုတ်လုပ်မှုကို တွန်းအား ပေးသော နည်းပညာဆိုင်ရာနှင့်ဘဏ္ဍာရေးဆိုင်ရာအကူအညီများထောက်ပံ့ပေးနေပါသည်။

Languages:
Editorial Sections: