ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

မြန်မာပြည်တိုင်းရင်းသားလူမျိုးစုများ ပညာရေးကို EU အကူအညီဖြင့် အထောက်အပံပေးမည့် CASE2Learn စီမံချက်

မြန်မာ, 05/09/2019 - 07:13, UNIQUE ID: 190905_2
Press releases

နေပြည်တော်၊ စက်တင်ဘာ ၃, ၂၀၁၉ - မြန်မာပြည်တစ်ဝှမ်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုတွင် မြန်မာနိုင်ငံဖွား တိုင်းရင်းသား ဆရာနှင့် ကျောင်းသား အရေအတွက် ၃၀၀,၀၀၀ ကျော်ကို အထောက်အပံ့ပေးမည့် CASE2Learn စီမံချက်ကို ဥရောပသမဂ္ဂ EU မှ ယနေ့တွင် စတင်လိုက်ပါသည်။ အဆိုပါ ယူရိုငွေ သန်း၂၀ တန်ဖိုးရှိ စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်တွင် ၃၅နှစ်ကျော် ပညာရေးစီမံချက်များ ဆောင်ရွက်လျက်ရှိသည့် Adventist Development and Relief Agency (ADRA) နှင့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်း Rural Indigenous Sustainable Education (RISE) တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။ EU ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ ဥက္ကဌ Dr. Johann Hesse က စီမံချက်စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ “အမျိုးသားပညာရေး မဟာဗျူဟာ အစီအစဉ်၏ လမ်းညွှန်ချက်နှင့်အညီ ‘မည်သည့် ကလေးငယ်မှ နောက်ကျမကျန်စေရ’ ဆိုသည့် ရည်မှန်းချက်ကို ပြည့်မှီဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသား ပညာရေးဝန်ဆောင်မှုပေးသူများအား ဥရောပသမဂ္ဂမှ အထောက်အပံ့ပေးအပ် သွားပါမည်။ အစိုးရနှင့် အစိုးရမဟုတ်သော ပညာရေးဝန်ဆောင်မှုပေးသူများကြားမှ ပိုမိုခိုင်မာသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ကျောင်းသားများအတွက် ငြိမ်းချမ်း‌ရေးနှင့် အကျိုးစီးပွားခံစားခွင့် များကို တန်းတူညီမျှမှုရှိစွာ အထောက်အပံ့ပေးနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။’’

 

‘ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် ပညာသင်ကြားရေးအကူအညီ-Conflict Areas Support for Education 2 Learn’ ဟု အမည်ရသည့် CASE2Learn စီမံချက်သည် CASE+ ဟုခေါ်သော ၁၁လကြာ စမ်းသပ်စီမံချက်တစ်ခု၏ နောက်ဆက်တွဲ တိုးချဲ့စီမံချက်တစ်ခုဖြစ်ပါသည်။ စီမံချက်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ သင်ယူလေ့လာမှုကို အထောက်အကူဖြစ်စေရန် တိုင်းရင်းသား ဆရာ/ဆရာမများအား  အခြေခံသင်ကြားရေး စွမ်းဆောင်ရည်များတိုးတက်လာစေရေးအတွက် ပြင်ဆင်ပေးခြင်းနှင့် စာသင်ကျောင်းများ၏ အရည်အသွေး မြှင့်တင်ပေးခြင်းတို့အားဖြင့် တိုင်းရင်းသားပညာရေး ဝန်ဆောင်မှုများ တိုးတက်ကျယ်ပြန့်လာစေရန်ဖြစ်သည်။ စီမံချက်သည် စာသင်ကျောင်းပြင်ပရောက် ကလေးသူငယ်များ၊ လူငယ်များနှင့် စာတတ်မြောက်ခြင်းမရှိသည့် အမျိုးသမီးများအား အထောက်အပံ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစီအစဉ်ပရိုဂရမ်များ အလိုက် ဦးတည်ချက်ထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အထက်ပါ ကိစ္စရပ်များနှင့် ပက်သက်ပြီး ADRA Myanmar ၏ Country Director ဖြစ်သူ Claudio Sandoval ကလည်း အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုပါသည်။ “CASE2Learn စီမံချက်သည် ADRA သာမက အခြားသော အလှူရှင်အဖွဲ့အစည်းများ ဒေသခံမိတ်ဖက်အဖွဲ့များ၏ နှစ်ကာလရှည်ကြာ ပူပေါင်းကြိုးစားအားထုတ်မှုများ စည်းရုံးဆွဲဆောင်မှုများ၏ ရလဒ်ဖြစ်ပါသည်။ အဆိုပါကြိုးပမ်းချက်များ၏ ဖြစ်ထွန်းလာမှုနှင့် တိုင်းရင်းသား ပညာရေးဝန်ဆောင်မှုများ ကျယ်ပြန့်လာစေရေး အတွက် ရံပုံငွေများ ခွဲဝေပေးနိုင်လာခြင်းတို့သည် အလှူရှင်အဖွဲ့အစည်းများ၊ NGOများ နှင့် ဒေသခံမိတ်ဖက်အဖွဲ့များတို့၏ အမြင်သဘောထားများ ပေါင်းစပ်ညှိနှိုင်းခြင်းမှ ရရှိအောင်မြင်လာမှုများ၏ ကြီးကျယ်သော စံနမူနာပြယုဂ်တစ်ခုပင် ဖြစ်ပါတော့သည်။”

 

စီမံချက်တရားဝင်စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် အခြားသော အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအပြင် မြန်မာ့ပညာရေးနယ်ပယ်ရှိ အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၁၅ဖွဲ့ကျော်မှ တက်ရောက်ခဲ့ကြပါသည်။ CASE2Learn စီမံချက်နှင့် ပက်သက်သော သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက ADRA Myanmar ၏ ဝဘ်ဆိုဒ်စာမျက်နှာသို့ လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဆက်သွယ်ရန်

Emma McCrow

PR & Communications Officer, ADRA Myanmar

Phone: 1 240 900

Email: emma.mccrow@adramyanmar.org

Languages:
Editorial Sections: