ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံး

Speech by the EU Ambassador at the Myanmar-EU Economic Forum

Nay Pyi Taw, 06/06/2019 - 10:41, UNIQUE ID: 190606_7
Speeches of the Ambassador

         

 

           

ဗုဒ္ဓဟူးနေ့ ဇွန်လ ၅ရက်၊ ၂၀၁၉ခုနှစ်
နေပြည်တော်မြို့ Kempinski ဟိုတယ်တွင်
နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်း ကျင်းပခဲ့သည့်
“မြန်မာ-EU စီးပွားရေး ဆွေးနွေးပွဲ” အခမ်းအနား၌
ဥရောပသမဂ္ဂ သံအမတ်
H.E. မစ္စတာ ခရစ်ရှန် ရှမစ်ဒ်
ဟောပြောခဲ့သော မိန့်ခွန်းအချက်အလက်များ

 

 

လေးစားအပ်ပါသော ဒုသမ္မတကြီးဦးမြင့်ဆွေနှင့်တကွ

 

လူကြီးမင်းအပေါင်း

 

ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များနှင့် ဧည့်ပရိသတ် အပေါင်းတို့ခင်ဗျာ

ဥရောပသမဂ္ဂကိုယ်စား ကျွန်ုပ်မှ ဤနှစ်တွင် ကျင်းပသော “မြန်မာ-EU စီးပွားရေး ဆွေးနွေးပွဲ” မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအပ်ပါတယ်။ ဒုသမ္မတကြီးခင်ဗျာ၊ ယခုနှစ်ကျင်းပတဲ့ အခမ်းအနားကိုလည်း ထပ်မံကြွရောက်ပေးတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်မိပါတယ်။

 

ယခုအခမ်းအနားကို ကျင်းပပေးတဲ့အတွက် ဥရောပကုန်သည်ကြီးများအသင်းနဲ့ အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မြန်မာ-EU စီးပွားရေး ဆွေးနွေးပွဲဟာဆိုရင် မြန်မာနဲ့ ဥရောပကုမ္ပဏီတွေအနေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး သတင်းအချက်အလက်တွေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာအတွေ့အကြုံတွေကို မျှဝေဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ဒီနေ့မှာတော့ဖြင့် ကျွန်ုပ်တို့အနေနဲ့ မြန်မာနဲ့ ဥရောပ စီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေရဲ့ ဆန်းသစ်တီထွင်မှုတွေကို မည်ကဲ့သို့ အားပေးဖန်တီးကြတာတွေ၊ မြန်မာ့စီးပွားရေးတိုးတက်နှုန်းရဲ့ အဓိက မောင်းနှင်အား တစ်ခုအဖြစ် ပါဝင်တဲ့ သူတို့ရဲ့ အခန်းကဏ္ဍတွေအကြောင်း ဆွေးနွေးပြောကြားချက်တွေကို နားထောင်ရတော့မှာဖြစ်ပါတယ်။

 

ဒုသမ္မတကြီးခင်ဗျာ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အခြေအနေကိစ္စရပ်တွေကို ပိုမိုခန့်မှန်းရ လွယ်ကူစေရန်နဲ့ ရင်းနှီးမြှုပ်နှံတွေကိုပိုမိုအားပေးနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်က စလို့ လူကြီးမင်းတို့ အစိုးရရဲ့ အောင်မြင်မှုတွေထဲက အချို့ကို ကောက်နှုတ်ဖော်ပြခွင့်ပြုပါ။

 

အချို့သော သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆိုရင်တော့ဖြင့် ကုမ္ပဏီဥပဒေအသစ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်၊ အွန်လိုင်းမှတဆင့် ကုမ္ပဏီမှတ်ပုံတင်နိုင်သောစနစ်၊ ငွေကြေးဈေးကွက် ဖြေလျော့ပေးမှုနှင့် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုအတွက် ခွင့်ပြုနိုင်သော ငွေကြေးအမျိုးအစား ပမာဏကို ချဲ့ထွင်ပေးခြင်းတို့ပဲဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့ ထပ်ပေါင်းပြောရမယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံလုံးဆိုင်ရာစီးပွားရေးပတ်ဝန်းကျင်နဲ့ နိုင်ငံခြားချေးငွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ပါးပါးနပ်နပ်နဲ့ သတိရှိရှိ ချဉ်းကပ်နိုင်တာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာဆိုရင်တော့ဖြင့် တိုးတက်လျက်ရှိပါတယ်။ ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ real GDP တိုးနှုန်းဟာဆိုရင် ၆.၂% ရှိပြီးတော့ ဒေသတွင်းမှာ အမြင့်မားဆုံးဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လူကြီးမင်းတို့ဟာဆိုရင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်အများစုမှာ တိုးတက်မှုရလဒ်ကောင်းတွေ ရလာပါတယ်။
 

ဒါပေမယ့်လည်း ယခုရထားတဲ့ ရလဒ်တွေထက် ပိုပြီးတော့ မြင့်မား ရေရှည်တည်တံ့ပြီးတော့ ပိုမိုသာတူညီမျှရှိတဲ့ ရလဒ်တွေ ရလာဖို့အလားအလာလည်း ရှိကြောင်းသိသလို ရဖို့လည်း တက်ရောက်လာတဲ့ လူကြီးမင်းအပေါင်းတို့ မျှော်လင့်ထားကြတယ်လို့ ကျွန်ုပ်ထင်ပါတယ်။

 

လမ်းတွေဖောက်၊ တံတားတွေဆောက်ရတာဟာဆိုရင်တော့ဖြင့် လွယ်ကောင်း လွယ်ပါလိမ့်မယ်။ ပင်ပန်းခက်ခဲလှတဲ့ သမိုင်းဆိုးမွေတွေရရှိထားတာကိုလည်း ကျွန်ုပ်တို့ သိရှိပါတယ်။ ပဋိပက္ခတွေရပ်စဲဖို့၊ လူ့အခွင့်အရေးတွေပြန်လည်တည်ထောင်ပေးပြီး ကာကွယ်ပေးဖို့၊ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ထူးကဲတဲ့ သဘာဝသယံဇာတတွေကို ရေရှည်ထုတ်ယူလို့မရနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ထုတ်ယူခဲ့မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတဲ့ကိစ္စတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ လက်နက်အစား ပညာရေးနဲ့ ပညာရှင်တွေအပေါ်မှာ ပြည်ထောင်စုဘတ်ဂျက်မှ ဘဏ္ဍာရေးရင်းမြစ်များကို ရင်းနှီးမြှုပ်နှံရေးတွေဆိုတာကတော့ ခက်ခဲလှတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။


ယခုအစိုးရအသစ်အတွက် မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းက မြန်မာနိုင်ငံရဲ့ ရှိရှိသမျှသော အလားအလာကောင်းတွေကို မြေတောင်မြှောက်ပေးဖို့အတွက် ဥပဒေနဲ့ အခြားရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေရှင်းဖို့ကျန်ရှိနေသေးတဲ့အရာတွေ အတွက် အစီအစဉ်ချမှတ်ပြသထားပါတယ်။


ဒီနှစ်စဉ် ကျင်းပရတဲ့ အခမ်းအနားဟာဆိုရင် ဝေဖန်ပြစ်တင်နေဖို့မဟုတ်ဘဲ ဒီအခက်အခဲတွေကို ဆွေးနွေးဖို့နဲ့ အားလုံးအကျိုးမယုတ်စေတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် ဝိုင်းဝန်းအဖြေရှာကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအခမ်းအနားဟာဆိုရင် မြန်မာနိုင်ငံက ပုဂ္ဂလိကနဲ့ အစိုးရ ရင်းနှီးမြှုပ်နှံမှုတွေမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မြှင့်တင်ဖို့အတွက် EU နဲ့ ဥရောပ စီးပွားရေးလုပ်ငန်းတွေက ခိုင်ခိုင်မာမာ သန္ဒိာန်ချထားကြောင်း ဖော်ပြတဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်။

လူကြီးမင်းအပေါင်းနဲ့ ဧည့်သည်တော်များခင်ဗျာ

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာအနှံ့ကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ စီးပွားရေး အောင်မြင်မှုတွေဟာ လူသားအရင်းအမြစ်အားကောင်းမှုနဲ့ ကြိုးစားအားထုတ်မှုကိုမှ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်လှစ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ မနေ့ကဆိုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံသို့ သံရုံးအသစ်ဖွင့်လှစ်ရန်အတွက် သွားရောက်ခဲ့ပါတယ်။ ဒါဟာ မြန်မာနဲ့ ဥရောပအကြား သမိုင်းဝင် ဆက်ဆံရေးနဲ့ ချည်နှောင်မှုတစ်ခုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

 

ပြီးတော့ မြန်မာနိုင်ငံကို အခြားကမ္ဘာ့နိုင်ငံတွေနဲ့ တံခါးဖွင့်ပေးလိုက်တာဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ပြောင်းလဲစေနိုင်ဖို့အတွက် အင်မတန်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်ဦးတည်ကတည်းက “Everything but Arms” လို့ခေါ်တဲ့ အလေးသာမှု အများဆုံးပေးထားတဲ့ ကုန်သွယ်ရေး အစီအစဉ်တစ်ခုကို EU မှ ၂၀၁၃ ကတည်းက ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ EU နဲ့ မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုဟာဆိုလို့ရှိရင် ယူရို ၅၆၈ သန်းကနေ ၂၀၁၈မှာ ယူရို ၂.၈ဘီလျံအထိ တိုးတက်ခဲ့ပါတယ်။
 

မနှစ်(၂၀၁၈) ကဆိုရင်၊ EU ကို လူကြီးမင်းတို့နိုင်ငံက တင်ပို့တဲ့ ပို့ကုန်ပမာဏဟာ ၄၇% တိုးတက်ခဲ့ပြီးတော့ EU ဟာ လူကြီးမင်းတို့ရဲ့ စတုတ္ထမြောက် အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နဲ့ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်ကြီးတစ်ခုဖြစ်လာပါတယ်။

 

မနှစ်ကဆိုရင် ကျွန်ုပ်တို့နဲ့ ကုန်သွယ်ရာမှ ကုန်သွယ်မှုအမြတ်ငွေ ၁.၇ဘီလျံ ရရှိခဲ့ပါတယ်။

 

ဒီလိုမျိုး ဥရောပပို့ကုန် တိုးတက်မှုဟာဆိုရင် အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေက အမျိုးသမီး ၄၅၀,၀၀၀ နဲ့ အထက်ကို အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာဆိုရင် လူကြီးမင်းတို့အတွက် အကြီးမားဆုံး အထည်အလိပ်နဲ့ ဖိနပ်ဈေးကွက်ကြီးပါပဲ။ EU ကို တင်ပို့တဲ့ လူကြီးမင်းတို့ရဲ့ အထည်အလိပ်တွေဟာဆိုရင် သီရိလင်္ကာ၊ ထိုင်းနဲ့ တူနီးရှားတို့ကို ကျော်လွန်သွားပြီဖြစ်ကာ ဆက်လက်ပြီးတိုးတက်နေဖို့ အလားအလာကောင်းတွေဟာလည်း အင်မတန်မှ သိသာထင်ရှားလျက်ရှိပါတယ်။

 

ကျွန်ုပ်တို့ဟာ အာဆီယံမှာ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ EU ဟာ မတ်လ ၂၀၁၉ အထိ ရင်းနှီးမြှုပ်နှံမှုအစုစုတို့ ပေါင်းစပ်တွက်ချက်မှုအရ ကန်ဒေါ်လာ ၆.၈ ဘီလျံနဲ့ ပဉ္စမမြောက် အများဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဆင့်သာရှိပါသေးတယ်။

 

ဒါကြောင့်ပဲ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနယ်ပယ်ကြီးတစ်ခုရဲ့ ကိုယ်စားပြောရမယ်ဆိုရင် ကျွန်ုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ နိုင်ငံနဲ့ အဝှမ်း ဥရောပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနေတာကို မြင်လိုပါတယ်။

ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ ပုဂ္ဂလိကကဏ္ဍဟာ ပုဂ္ဂလိကစစ်စစ်ဖြစ်တဲ့အတွက် ကျွန်ုပ်က ဒီနေရာမှာ သူတို့ကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စဉ်းစားပေးဖို့ တိုက်တွန်းရုံသာ တိုက်တွန်းလို့ရပေမယ့် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ဦးဆောင်သူတွေကသာ ရင်းနှီးမြှုပ်နှံမှု လုပ်/မလုပ်ကို နောက်ဆုံး ဆုံးဖြတ်ချက် ချတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ရင်းနှီးမြှုပ်နှံဖို့အတွက် ယုံကြည်လက်ခံလာအောင် လုပ်ပေးဖို့ကတော့ မြန်မာ့အာဏာပိုင်တွေနဲ့သာ ဆိုင်ပါတော့တယ်။

 

သူတို့ကလည်း သူတို့ထင်မြင်တဲ့အတိုင်းပြောမှာဖြစ်ပေမယ့် မြန်မာနိုင်ငံအစိုးရကို သူတို့အနေနဲ့ သဘောကျမယ်ဆိုတာတော့ ကျွန်ုပ်ဘက်က သေချာပါတယ်။ ကျွန်ုပ်ဘက်ကလည်း ရခိုင်ပြည်နယ်ကဖြစ်တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းနဲ့ဆိုင်တဲ့ နာမည်ထိခိုက်မှုတွေနဲ့ အမြန်ဖြေရှင်းရမယ့် လူ့အခွင့်အရေးပြဿနာတွေကို အင်တိုက်အားတိုက် အမြန်ပြေလည်စေဖို့ ဖြေရှင်းနေပါတယ်။

လူကြီးမင်းတို့အနေနဲ့ သေချာပေါက်လုပ်နိုင်မှာဖြစ်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝမ်းမြောက်ဝမ်းသာ ကူညီပါ့မယ်။

လူကြီးမင်းများနဲ့ ဧည့်သည်တော်များခင်ဗျာ

ဥရောပကုမ္ပဏီတွေဟာဆိုရင် သဘာဝသယံဇာတတွေကို တာဝန်ယူမှုရှိရှိနဲ့ စီမံခန့်ခွဲတဲ့ တာဝန်ယူမှု အပြည့်ရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ရာမှာ ကမ္ဘာ့ထိပ်တန်းဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေက ပြည်တွင်းအလုပ်အကိုင်၊ နည်းပညာရွှေ့ပြောင်းမှုနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးတဲ့ ရေရှည်တည်တံ့တဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့ တိုးတက်မှုကို ဖန်တီးပေးဖို့ ဆန္ဒရှိပါတယ်။

EU ကုမ္ပဏီတွေဟာဆိုရင် ရေရှည်လက်တွဲလုပ်မယ့် မိတ်ဖက်တွေဖြစ်ပါတယ်။ ဒီနိုင်ငံလာပြီး ဒီနေ့အမြတ်ရ၊ မနက်ဖြန်ထွက်သွားမယ့် သူမျိုးတွေ မဟုတ်ပါဘူး။

ကျွန်ုပ်တို့ ကုမ္ပဏီတွေဟာဆိုရင် စားသုံးသူနဲ့ အလုပ်သမား စံနှုန်းတွေကို မြှင့်တင်ပေးခြင်း၊ ပွင့်လင်းမြင်သာမှုအတွက် စံပြအဖြစ် တည်ရှိပေးခြင်းနဲ့ ကော်ပိုရိတ်လူမှု အကျိုးပြုလုပ်ငန်းတွေကိုလည်း အမြင့်မားဆုံး လက်တွေ့ပြသပေးဖို့လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့က အခွန်လည်း ဆောင်ပါတယ်။

ဥရောပမှာ ဆယ်စုနှစ်ပေါင်းများစွာကနေ ရာစုနှစ်ပေါင်းများစွာအထိ ရေရှည်မတိုးတက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကြောင့် EU အနေနဲ့ ရေရှည်တည်တံ့နိုင်မှု၊ အလေအလွင့်နည်းတဲ့ စီးပွားရေးနဲ့ လူမှုတရားမျှတမှုတွေကို အလေးပေးနေပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့မှာ လုပ်စရာတွေအများကြီးရှိပါသေးတယ်၊ ဒါပေမယ့် ကျွန်ုပ်တို့ဘက်က ခိုင်ခိုင်မာမာ ယုံကြည်တာက လူမှုတရားမျှတမှု၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့နိုင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွင်ကျယ်မှုတို့လည်း တပြိုင်နက်တည်းမှာ ဆောင်ရွက်ဖို့ဖြစ်နိုင်ပါတယ်။

ယနေ့မှာဆိုရင် ကျွန်ုပ်တို့အနေနဲ့ ရာသီဥတုပြောင်းလဲမှု၊ ပလက်စတစ်ညစ်ညမ်းမှုနဲ့ ဇီဝမျိုးကွဲများ ဆုံးရှုံးမှုတို့ကို တိုက်ဖျက်ရေးမှာ ကမ္ဘာနဲ့အဝှမ်း ဦးဆောင်လုပ်ကိုင်နေပါတယ်။ EU ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနယ်ပယ်ကြီးဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ရေးရာဆောင်ရွက်မှုအညွှန်းကိန်း(EPI) က မြင့်ပါတယ်။ (Gini coefficient လို့ခေါ်တဲ့) ဆင်းရဲ-ချမ်းသာ ကွာဟမှုနှုန်းထားဟာလည်း တိုင်းတာကြည့်မယ်ဆို ဥရောပလူမှုအသိုင်းအဝိုင်းတွေက ကမ္ဘာ့အလယ်မှာ ညီမျှမှုအရှိဆုံးဖြစ်ပါတယ်။

နိဂုံးချုပ်ပြောဆိုရလျှင်ဖြင့် မြန်မာနိုင်ငံရဲ့ မိတ်ဖက်တစ်ဦးအနေနဲ့ EU ဟာ မြန်မာနိုင်ငံရဲ့ မူဝါဒ ရည်ရွယ်ချက်တွေထဲမှာ ပါဝင်တဲ့ စိန်ခေါ်မှုတွေနဲ့ ရည်မှန်းချက်တွေကို ကွက်တိဖြည့်ဆည်းပေးနိုင်တဲ့ စီးပွားရေးပုံစံတစ်ခုကို ကိုယ်စားပြုလျက်ရှိပါတယ်။

ဒီဆွေးနွေးပွဲဟာဆိုရင်တော့ဖြင့် အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ အောင်မြင်ဖို့အတွက် ကျွန်ုပ်တို့ကို အထောက်အကူပြုသွားမှာဖြစ်ပါတယ်။

နားထောင်ပေးသော ဧည့်ပရိသတ်အားလုံးကို ကျေးဇူးတင်ရှိပါတယ်
[ပြီးပါပြီ]

Languages:
Editorial Sections: