ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံး

အများသူငါအတွက် မီးရှူးတိုင်ကို သယ်ဆောင်ပေးသော မြန်မာနိုင်ငံသားများကို အသိအမှတ်ပြုခြင်း

Yangon, 14/02/2019 - 17:24, UNIQUE ID: 190214_18
Speeches of the Ambassador

၂၀၁၉ ရှုးမန်းဆုများ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် EU သံအမတ်နေအိမ်၊ ရန်ကုန် EU သံအမတ်ကြီး Kristian Schmidt ၏ မိန့်ခွန်း

လေးစားရပါသော ဧည့်သည်တော်လူကြီးမင်းများခင်ဗျာ

မင်္ဂလာ ညနေခင်းလေးပါခင်ဗျာ

၂၀၁၉ ခုနှစ် ရှုးမန်းဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်လူကြီးမင်းများကို ဥရောပသမဂ္ဂနဲ့ ကျွန်တော်နဲ့အတူရှိနေကြတဲ့ အဖွဲ့ဝင်သံအမတ်ကြီးများကိုယ်စား ကျွန်တော်ကနေ အထူးကျေးဇူးတင်ရှိပါတယ်။

ဒီနေ့ညရဲ့ အကြောင်းလေးကို လူငါးဦးပြောကြားခဲ့တဲ့ စကားငါးခွန်းနဲ့ စတင်ပြီး ပြောကြားချင်ပါတယ်။

ပထမ စကားတစ်ခွန်းကတော့ သူ့ရဲ့ အမေနဲ့ သူ့ညီမ နှစ်ဦးအပါအဝင် ဥရောပမှာ ဂျူးလူမျိုး ခြောက်သန်း လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ အမျိုးသားတစ်ဦးက  ပြောဖူးတဲ့စကားလေးပါ။ သူက ဘာပြောခဲ့လဲဆိုတော့“ကောင်းတာရဲ့ဆန့်ကျင်ဘက်က ဆိုးယုတ်တာမဟုတ်ပါဘူး၊ ကောင်းတာရဲ့ ဆန့်ကျင်ဘက်က မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်”ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။

ဒုတိယ စကားတစ်ခွန်းကတော့ အာဏာရှင် စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ရုန်းကန်လှုပ်ရှားနေသူ အမျိုးသမီးတစ်ဦးပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ သူမက ဘာပြောခဲ့သလဲဆိုတော့ “သင့်ရဲ့ ကြောက်ရွံ့ ပူပင်နေမှုက သင်မှန်တယ်ထင်လို့ လုပ်နေတဲ့အရာတွေကို တားမြစ်ခွင့်မပေးလိုက်ပါနဲ့”ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။

တတိယ စကားတစ်ခွန်းကတော့ မာတင်လူသာကင်း (Martin Luther King) နဲ့အတူ လူမျိုးကြီးဝါဒနဲ့ပတ်သက်ပြီး ချီတက်လှုပ်ရှားခဲ့တဲ့ အမျိုးသားတစ်ဦး ပြောခဲ့တဲ့စကားလေးပါ။ အဲဒါကတော့ “လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လူ့တချို့တစ်ဝက်က အပြစ်ရှိတယ်။ ဒါပေမဲ့ တာဝန်ကတော့ အားလုံးမှာရှိတယ်” ဆိုတာပဲဖြစ်ပါတယ်။

စတုတ္ထ တစ်ခုကတော့ လက်ထိတ်ခတ်ခံရပြီး အဖမ်းခံရတဲ့သူတစ်ဦးက ပြောခဲ့တဲ့စကားတစ်ခွန်းပါ။ ဒါကတော့ “ငါမကြောက်ဘူး။ ငါဘာမှ မှားတာမလုပ်ထားဘူး….တရားမျှတမှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ငါယုံကြည်တယ်” ဆိုတာပဲဖြစ်ပါတယ်။

နောက်ဆုံးစကားလေးတစ်ခွန်းကတော့ ဥရောပမှာရှိတဲ့ ထောင်ထဲမှာ သေဆုံးသွားခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် နိုင်ငံမဲ့မိန်းကလေးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ သူမရဲ့ နေ့စဉ်ရေးမှတ်တမ်းမှာ ရေးထားခဲ့တာကတော့ “ဘာတွေပဲဖြစ်ဖြစ် လူသားတွေဟာ ကြင်နာမှုရှိမယ်ဆိုတာကို ယုံကြည်တယ်” ဆိုတာပဲဖြစ်ပါတယ်။

ဒါတွေကတော့ ပုံပြင်ဆန်ဆန် အင်မတန်မှ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်တွေထဲက လူသားတွေအားလုံးကို ရိုက်ခတ်စေတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ လူစွမ်းကောင်းတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အဖြစ်အပျက်တွေကို စီရင်ချက်တွေချနိုင်ဖို့၊ ဖြေရှင်းနိုင်ဖို့ ခွန်အားတွေ မရှိပါဘူး။

ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အမှန်တကယ်လုပ်ဆောင်နေတဲ့သူတွေကိုတော့ အသိအမှတ်ပြုနိုင်ကြ ပါတယ်။

အကြောက်တရားတွေ၊ မတူညီမှုတွေ ကင်းဝေးစေဖို့အတွက် အမှန်တကယ်လုပ်ဆောင်တဲ့သူတွေကို အသိအမှတ်ပြုမှုဆိုတာ ကျွန်တော်တို့အားလုံး လုပ်ဆောင်သင့်တဲ့ တာဝန်ဝတ္တရားတစ်ရပ်လို့ ယုံကြည်ပါတယ်။

အကယ်၍ သင့်အနေနဲ့ မီးအလင်းရောင်လိုချင်တယ်ဆိုပါစို့။ မီးရှူးတိုင်ကို သယ်ဆောင်ပေးတဲ့သူကို ကာကွယ်ပေးရပါမယ်။ ဒါမှသာ အချုပ်အနှောင်ခံ အကျဉ်းထောင်ထဲကနေ ဒါမှမဟုတ် အကျယ်ချုပ်ခံထားရတဲ့ အိမ်လေးထဲကနေ ထိန်ထိန်ဝင်းအောင် လင်းနေမှာဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက ကျွန်တော့်ထက်ပိုပြီး နားလည်သဘောပေါက်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

သင့်အနေနဲ့ ပဋ္ဋိပက္ခတွေ၊ စစ်ပွဲတွေကို ရပ်စေချင်တယ်ဆိုရင်တော့ ဒါတွေကို ရဲရဲဝံ့ဝံ့နဲ့ ဆန့်ကျင်နေတဲ့သူတွေဘက်က ရပ်တည်ဖို့လိုပါတယ်။ သူတို့တွေ အားပေးထောက်ခံမှုမပါဘဲ ရှေ့ဆက်ဖို့ဆိုတာ မဖြစ်သင့်ပါဘူး။

ကောင်းတာရဲ့ ဆန့်ကျင်ဘက်က ဆိုးတာမဟုတ်ပါဘူး၊ မျက်ကွယ်ပြုခြင်းပါ။

ဥရောပမှာဆိုရင် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ခံစားလာခဲ့တာ အနှစ် (၇၀) ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး လူ့အသိုင်းအဝိုင်းမှာရှိတဲ့ စံချိန်စံညွန်းတွေအားလုံးကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။

ကျွန်တော်တို့ရဲ့ အုတ်မြစ်ဖြစ်တဲ့ စည်းလုံးညီညွတ်မှုဟာ လူ့အခွင့်အရေးအပေါ် အခြေပြုထားတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့အတူ ဥရောပနိုင်ငံတွေဟာ ၁၉၄၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတူပူးတွဲ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ ကြာပြီးနောက်မှာလည်း မြန်မာနိုင်ငံသားတွေဟာ ဒီအခွင့်အရေးတွေ၊ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အကြောက်တရားတွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းအားထုတ်နေရတုန်းပါပဲ။

ရှုးမန်းဆုဟာ နှစ်စဉ်နှစ်တိုင်း အများသူငါအတွက် မီးရှုးတိုင်ကို သယ်ဆောင်ပေးနေသူတွေကို အသိအမှတ်ပြု ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရေးသမားဖြစ်တဲ့ ရောဘတ်ရှုးမန်းဟာ သမိုင်းဆိုတာ ပြောင်းလဲနိုင်တယ်လို့ ယုံကြည်သူ တစ်ဦးဖြစ်ပါတယ်။ ဂိုဏ်းကဏ္ဍစွဲအယူနဲ့ အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်တွေကို ကျော်လွန်ပြီး ရှေးရှုဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားသူလည်းဖြစ်ပါတယ်။

သူဟာ ဗုံးဒဏ်ကြောင့် ပြာကျနေတဲ့မြို့တွေ နဲ့ မီးမြှိုက်ခံထားရတဲ့ ကျေးရွာတွေကနေ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးကို ဥရောပမှာ ဖန်တီးတည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့သူလည်း ဖြစ်ပါတယ်။

သူယုံကြည်ထားတွေ မမှားခဲ့ပါဘူး။ တကယ်ပဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ အကောင်အထည်လည်း ပေါ်ခဲ့ပြီမဟုတ်ပါလား။

အခုခေတ်မှာ ကျွန်တော်တို့ လူ့ဘောင်အဖွဲ့အစည်းက ပြီးပြည့်စုံနေတာမဟုတ်မှန်း ကျွန်တော်သိပါတယ်။ ဥရောပမှာဆိုရင် လူမျိုးကြီးဝါဒ၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒ၊ သာမန်လူထုအကျိုးကို ရည်မျှော်သောဝါဒ၊ သူစိမ်းကို လက်မခံတဲ့အစွဲ၊ ဒါတွေမြင့်တက်နေပါတယ်။ ကျွန်တော်တို့ရဲ့ အတိတ်ကာလတုန်းက စစ်ပွဲကို အမြဲဖြစ်စေခဲ့တဲ့ အမျိုးသားရေးဝါဒလည်း ထိုနည်း၎င်းပါပဲ။

အခု ဒီဆုချီးမြှင့်တာဟာ ကျွန်တော်တို့ ဥရောပသားတွေရဲ့ လူ့အဖွဲ့အစည်းက တခြားလူ့အဖွဲ့အစည်းထက် ပိုပြီးသာလွန်ကောင်းမွန်တယ်လို့ ပြသတဲ့သဘောမဟုတ်ပါဘူး။

ဘာလို့ ဒီဆုကို ချီးမြှင့်ပေးရတာလဲဆိုရင် ဥရောပသားတွေဟာ မြန်မာနိုင်ငံကို သံတမန်နည်းနဲ့ ကျွန်တော်တို့တတွေဟာ ကွဲပြားမနေဘဲ တူညီနေတယ်လို့ ပြောလိုက်တာပါ။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ထိုင်းနိုင်ငံ နယ်စပ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့၊ အကြောင်းအမျိုးမျိုးကြောင့် အိုးပစ်အိမ်ပစ်၊ မိမိတို့ရဲ့ နေရပ်ကို စွန့်ခွာရှောင်ပြေးလာကြရတဲ့ ဒုက္ခသည်မိသားစုတွေကို ကျွန်တော်တို့ စာနာပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ  နိုင်ငံမရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေ ပိတ်မိနေတာတွေ၊ နောက်တစ်နှစ်မိုးရာသီမှာရင်ဆိုင်ကြရမယ့် ဒုက္ခတွေ၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရောဂါဖြစ်ပွားနေတာတွေ စတာတွေကိုလည်း ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တန်းတူအခွင့်အရေးရရှိဖို့ အသိအမှတ်ပြုခံချင်နေတဲ့ လူနည်းစုမျိုးနွယ်စု တွေရဲ့ တန်းတူညီမျှအခွင့်အရေးတောင်းဆိုမှုတွေကိုလည်း ကျွန်တော်တို့ ခံစားနားလည်ပါတယ်။

မိမိတို့ရဲ့အကြောက်တရားတွေကို အနိုင်ယူပြီး သူတို့မှန်ကန်တယ်လို့ ထင်တဲ့အရာအတွက် တောင်းဆိုတဲ့သူတွေ၊ လွတ်လပ်စွာရေးသားပြောဆိုခွင့်အတွက် တောင်းဆိုသူတွေ၊ သတင်းမှန်ကို ရေးသားချင်တဲ့ သတင်းထောက်တွေ၊ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ပြီး တရားမျှတမှုအတွက် ရဲရဲဝံ့ဝံ့ရှေ့ထွက်ပြောဆိုသူတွေ၊ သူတို့တွေကိုလည်း ကျွန်တော်တို့လေးစားပါတယ်။

ဒီညမှာ ကျွန်တော်တို့ပေးမယ့်ဆုဟာ ဒီလိုသတ္တိရှင်တွေကို လေးစားဂုဏ်ပြုစိတ်နဲ့ ပေးတဲ့ဆုဖြစ်ပါတယ်။ ဒီညဟာ တစ်ကမ္ဘာလုံးက တန်ဖိုးထားကြတဲ့အရာ၊ ကျွန်တော်တို့ရဲ့ လူသားပီသမှုကို ဂုဏ်ပြုတဲ့ပွဲလေးပါပဲ။ ဥရောပသမဂ္ဂနဲ့ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ အထိမ်းအမှတ်ပွဲလေးလည်း ဖြစ်ပါတယ်။

ဂုဏ်သရေရှိဧည့်သည်တော်အပေါင်းတို့ခင်ဗျာ

ဒီည ဆုရရှိသူတွေကတော့ ကိုယ်တိုင်ဖွင့်ပြပြောဆိုဖို့ အင်အားမရှိသူတွေကိုယ်စား ရှေ့ထွက်ပြောဆိုပေးတဲ့၊ အားနည်းသူတွေဘက်က ရပ်တည်ပေးတဲ့၊ အခြေခံလူ့အခွင့်အရေးတွေရရှိအောင် ရှေ့ကနေ တောင်းဆိုပေးတဲ့၊ သူတို့အတွက်မဟုတ်ဘဲ လူသားအားလုံးအကျိုးအတွက် တောင်းဆိုပေးခဲ့ကြတဲ့ လူအများကြားထဲက ထင်ရှားပြီးပေါ်ထွက်လာတဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်ရှင် သုံးဦးပဲဖြစ်ပါတယ်။

ဒီနေ့မှာ ၂၀၁၉ ရှုးမန်းဆုကို ပေးအပ်ချီးမြှင့်ခံရမယ့် ဆုရှင်တွေကို ဒီက ဂုဏ်သရေရှိဧည့်သည်တော်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မိတ်ဆွေသံအမတ်တွေကို နေရာပေးဖို့အတွက် ကျွန်တော် ဒီစင်မြင့်ပေါ်ကနေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထွက်ခွာပါတော့မယ်။

ကျေးဇူးတင်ပါတယ်။

Languages:
Editorial Sections: