/file/schengenjpg_myschengen.jpg

၁။ ရှန်းဂန်ဗီဇာဆိုသည်မှာ အဘယ်နည်း။
ဥရောပနိုင်ငံအများအတွက် တစ်ခုတည်းသော ဗီဇာ - ရှန်းဂန်ဆိုသည်မှာ ပြည်ဝင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော လူဇင်ဘတ်နိုင်ငံအတွင်း မြို့လေးတစ်မြို့၏ နာမည်ဖြစ်ပါသည်။ လက်ရှိ ဥရောပ နိုင်ငံ၂၆နိုင်ငံသည် ရှန်းဂန်နိုင်ငံများ ဖြစ်ပြီး တူညီသော ဗီဇာမူဝါဒကို ကျင့်သုံးနေပါသည်။ ရှန်းဂန်နိုင်ငံများမှာ အောက်ပါ ဥရောပ သမဂ္ဂဝင်နိုင်ငံများ - သြစထီးယား၊ ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လတာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်နှင့် ဆွီဒင်တို့ အပြင် အခြားသော ဥရောပသမဂ္ဂဝင် မဟုတ်သည့် နိုင်ငံများဖြစ်သော အိုက်စလန်၊ လက်ချန်စတိုင်း၊ နော်ဝေနှင့် ဆွစ်ဇာလန်တို့ ဖြစ်ပါသည်။
နယ်စပ် စစ်ဆေးမှု မရှိခြင်း - ရှန်းဂန်နယ်မြေဒေသအတွင်း ရှန်းဂန်နိုင်ငံများအကြား နယ်စပ်များတွင် စစ်ဆေးမှု လုံးဝ မရှိပါ။ ရှန်းဂန်ဗီဇာကိုင်ဆောင်ထားသူတစ်ဦးသည် ထိုစနစ်တွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ ၂၆နိုင်ငံလုံးအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိပြီး၊ နိုင်ငံတစ်ခုချင်းအတွက် သီးခြားဗီဇာ ရယူရန် မလိုပေ။
အကယ်၍ ရှန်းဂန်မဟုတ်သော ဥရောပသမဂ္ဂဝင် နိုင်ငံများ (ဘူလ်ဂေးရီးယား၊ ဆိုက်ပရပ်စ်၊ အိုင်ယာလန်၊ ရိုမေးနီးယား သို့မဟုတ် ယူကေ)သို့ သွားရောက်ပါက သက်ဆိုင်ရာ နိုင်ငံ၏ သံရုံးကို ဆက်သွယ်ရန် လိုအပ်ပါသည်။
၂။ ရှန်းဂန်နိုင်ငံတစ်နိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလိုပါသလား။
ရှန်းဂန်နိုင်ငံ တစ်နိုင်ငံသို့ ဝင်ရောက်ရရန် ဗီဇာလိုအပ်ခြင်း ရှိမရှိ သိလိုပါက ဥရောပသမဂ္ဂ ပြည်ထဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး ဝက်ဘ်ဆိုဒ် here ဤနေရာတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံသားများသည် ရှန်းဂန်နယ်မြေ၏ ပြည်ပနယ်နိမိတ်ကို ဖြတ်ကျော်သည့်အခါတွင် သက်တမ်းရှိ ဗီဇာတစ်ခု လက်ထဲတွင်ရှိရပါမည်။
၃။ ရှန်းဂန်ဗီဇာအမျိုးအစား သုံးမျိုး
- ကာလတိုဗီဇာ (C အမျိုးအစား) - တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် အကြိမ်များစွာ သွားရောက်ရန် ထုတ်ပေးသည်။ ဗီဇာသက်တမ်းကာလသည် ကွဲပြား ခြားနားတတ်သည်။ ခြောက်လဟူသော ကာလအတွင်း သုံးလထက် မကျော်သော နေထိုင်မှုများကို ခွင့်ပြုပေးသည်။
- တစ်ထောက်နားဗီဇာ (Bအမျိုးအစား) - တတိယနိုင်ငံသို့ သွားလာသည့် ခရီးစဉ် တွင် ရှန်းဂန်နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံထက်ပို၍ နယ်နိမိတ်များအား ဖြတ်သန်း သွားမည့် သူများသို့ ထုတ်ပေးသည့် ဗီဇာဖြစ်သည်။ ဤဗီဇာကို တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် ထိုသို့သော အထူးအခြေအနေများတွင် သုံး၊ လေးကြိမ် ဖြတ်သန်းသွားလာရန် ခွင့်ပြုပေးပြီး၊ တစ်ကြိမ်တွင် ဖြတ်သန်းသွားလာသည့် ကာလသည် ငါးရက် မကျော်ရပေ။
- လေဆိပ်တစ်ထောက်နားဗီဇာ (A အမျိုးအစား) - အချို့သော တတိယနိုင်ငံများ အနေဖြင့် အခြားတတိယနိုင်ငံများသို့ လေယာဉ်ဖြင့် သွားသောအခါ ရှန်းဂန်နိုင်ငံ တစ်နိုင်ငံ၏ လေဆိပ်တွင် ခေတ္တ တစ်ထောက်နား၊ ဖြတ်သန်းရသူများအတွက် လိုအပ်သည်။
ဥရောပသမဂ္ဂဝင် မဟုတ်သော နိုင်ငံများသည်လည်း တူညီသော ဗီဇာ အမျိုးအစားများ အသုံးပြုကြသည်။
၎။ ရှန်းဂန်ဗီဇာကို မည်သည့်နေရာတွင် ရနိုင်ပါသနည်း။
သင့်ဒေသအတွင်းရှိ မည်သည့် ရှန်းဂန်နယ်မြေတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ၏ သံရုံးတွင်မဆို လျှောက်ထားနိုင်ပါသည်။ အကယ်၍ ဥရောပတွင် နိုင်ငံတစ်နိုင်ငံထက်ပို၍ သွားရောက်ရန် စီစဉ်ထားပါက အချိန်အများဆုံးနေမည့် သက်ဆိုင်ရာနိုင်ငံ၏ သံရုံးကို ဆက်သွယ်ရပါမည်။ မသေချာပါက ပထမဆုံး ဆိုက်ရောက်မည့် နိုင်ငံ၏ သံရုံးတွင် ရှန်းဂန် ဗီဇာကို လျှောက်ထားသင့်ပါသည်။
၅။ ရှန်းဂန်ဗီဇာကို မည်သို့ လျှောက်ရမည်နည်း။
ရှန်းဂန်ဗီဇာလျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်း၏ စာရင်းအပြည့်အစုံကို here ဤနေရာတွင် ရယူနိုင်ပါသည်။
အထူးသဖြင့် လိုအပ်သည်မှာ -
- အနည်းဆုံး စာမျက်နှာလွတ် နှစ်မျက်နှာနှင့် သက်တမ်းရှိ နိုင်ငံကူးလက်မှတ် တစ်စောင်နှင့် ထိုနိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးမည့်ရက်သည် ရှန်းဂန်နိုင်ငံမှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားသောရက်နောက်ပိုင်း သုံးလထက် မနည်းစေရ။
- visa application form ဗီဇာလျှောက်ထားသည့် ပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ် ရေးထိုးရပါမည်။
- conform to ICAO standards ICAO စံနှုန်းများနှင့် ကိုက်ညီသည့် မကြာသေးခင်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ၊
- မိမိသွားလာရမည့် ခရီး၏ ရည်ရွယ်ချက်၊ တည်းခိုရေးနှင့် သွားရောက်နေထိုင် မည့်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့် ကုန်ကျစရိတ် ကျခံသွားမည် ဟူသော အထောက်အထား အမျိုးစုံ။
- အရေးပေါ် ဆေးဝါးကုသရေး၊ ဆေးရုံတင်ရေးနှင့် (သေဆုံးခဲ့ပါက)မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် ခရီးသွား ကျန်းမာရေး အာမခံ တစ်စောင်။ အနည်းဆုံး အာမခံကာကွယ်ပေးမှုသည် ယူရို ၃၀၀၀၀ ဖြစ်ရပါမည်။
၆။ မည်မျှ ကုန်ကျပါသနည်း။
ပုံမှန် ကာလတိုဗီဇာတစ်ခု၏ ဗီဇာကြေးသည် ယူရို ၆၀ဖြစ်ပါသည်။ သို့ရာတွင် ဤဗီဇာကြေးကို လျှော့ချပေးနိုင်သည့် သို့မဟုတ် ကင်းလွတ်ခွင့်ပေးနိုင်သည့် အခြေအနေများ ရှိပါသည်။ EU နိုင်ငံသားတစ်ဦး၏ မိသားစုဝင်ဖြစ်သော တတိယနိုင်ငံမှ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လွတ်လပ်စွာ သွားလာခွင့်ကို ကျင့်သုံးသောကြောင့် ဗီဇာကြေး ပေးရန် လုံးဝ မလိုပါ။ အသက် ၆နှစ်အောက် ကလေးများ၊ ကျောင်းသားများ သို့မဟုတ် ဘွဲ့လွန်ကျောင်းသားများနှင့် ပညာရေးခရီး သို့မဟုတ် ပညာရေးလေ့ကျင့်သင်တန်းများ ရည်ရွယ်ချက်ဖြင့် ခရီးထွက်သော၊ ခရီးထွက်သော အခြေခံပညာ ကျောင်းသူကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသူ ကျောင်းသားများနှင့် အတူလိုက်ပါပေးသည့် ဆရာ၊ ဆရာမများနှင့် အထူးသဖြင့် သိပ္ပံနည်းကျ သုတေသနကို အကောင်အထည် ဖေါ်ဆောင်နေသူ သုတေသန ပညာရှင်များအတွက် ဗီဇာခများကို ကင်းလွတ်ခွင့်ပေးပါသည် (အကြံပြုချက်၂၀၀၅/၇၆၁/EC)။ မိမိတို့ ရွေးချယ်ထားသည့် ဦးတည်နိုင်ငံ၏ သံရုံးတွင် ယခုထက်ပို၍ အသေးစိတ် အချက်အလက်များ ရရှိနိုင်ပါသည်။
မြန်မာနိုင်ငံရှိ အီးယူအဖွဲ့ဝင် သံရုံးများနှင့် သံတမန်ရေးရာ အဖွဲ့များ၏ စာရင်းကို here ဤနေရာတွင် ရနိုင်ပါသည်။
မကြာခဏ မေးမြန်းတတ်သည့် မေးခွန်းများအတွက် အဖြေများကိုလည်း here ဤနေရာတွင် လေ့လာ နိုင်ပါသည်။