Delegation of the European Union for the Pacific
Responsible for Cook Islands, Federated States of Micronesia, Fiji, Kiribati, Nauru, Niue, Palau, Republic of Marshall Islands, Samoa, Solomon Islands, Tonga, Tuvalu, Vanuatu as well as the three Overseas Countries and Territories in the Pacific.

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “ဒို့ကမ္ဘာ” မာတီမီဒီယာဒစ်ဂျစ်တယ်ပြပွဲ မှ မြန်မာနိုင်ငံ၏ အရေးတကြီးဖြေရှင်းရန် လိုအပ်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်း

ဇွန်လ ၃ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်။, 03/06/2020 - 10:18, UNIQUE ID: 200603_9
Press releases

။ ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်မှုများ၊ ရာသီဥတု ပြောင်းလဲမှုများ စသည်တို့ကြောင့် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အရေးတကြီးဖြေရှင်းရန် လိုအပ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်မှာ အရေးကြီးလှကြောင်း လူထုအား အသိပေး လှုံ့ဆော်ရန် ဥရောပသမဂ္ဂသည် မြန်မာ့မြင်မှုဆိုင်ရာအနုပညာရှင်များ (visual artists)၊ ထင်ပေါ် ကျော်ကြားသူများနှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ (eco-champions) ၏ ဖန်တီးမှုအနုပညာ လက်ရာများပါဝင်သော “ဒို့ကမ္ဘာ” အမည်ရ မာတီမီဒီယာ ဒစ်ဂျစ်တယ်ပြပွဲကို ၆ ပတ်ကြာ ကျင်းပပေးသွားမည်ဖြစ်သည်။

မူလက အနုပညာပြပွဲ၊ ရုပ်ရှင်ပြသခြင်းနှင့် အခြားအခမ်းအနားများကို အစီအစဉ်အလိုက်ပြုလုပ်သွားရန် ရည်ရွယ်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် “ဒို့ကမ္ဘာ”သည် ဒစ်ဂျစ်တယ်ပြပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။ မြင်မှုဆိုင်ရာအနုပညာများ (visual arts)၊ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက် သည့် အခင်းအကျင်းများ (installations)၊ ပညာပေးဗီဒီယိုများ (educational videos)နှင့် သတင်း အချက်အလက်ရုပ်ပုံများ (infographic)၊ ပြည်တွင်းနှင့် ပြည်ပ မှတ်တမ်းတင်ရုပ်ရှင်များအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်သုဉ်းမှု၊ တောပြုန်းမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား သိရှိနိုင်ရန် ရေးဆွဲဖန်တီးထားသော ချုံ့နိုင်ချဲ့နိုင်သော မြေပုံလွှာ (interactive map) ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိတ်ဖက်ပါတနာများမှ ရန်ပုံငွေမတည် ပေးထားပြီး ရေရှည်အကျိုးမျှော်ကိုးသည့် ပရိုဂရမ်မျိုးစုံမှ ပညာရှင်များပါဝင်သော အွန်လိုင်းမှတစ်ဆင့် နှီးနှောဖလှယ်ပွဲကိုလည်း ဖေ့စဘွတ်တွင် တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။

“ဒို့ကမ္ဘာ”ကို ဇွန်လ ၅ ရက်တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် လူမှုကွန်ရက် မီဒီယာများမှတစ်ဆင့် ဒစ်ဂျစ်တယ်ကမ်ပိန်းဖြင့် စတင်သွားမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအဖြင့် ဦးစားပေးသွားမည့် ဇီဝမျိုးစုံမျိုးကွဲ အကြောင်းအရာနှင့်အညီ “ဒို့ကမ္ဘာ” အနေဖြင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝမှုကို ထင်ဟပ် ပြသပေးသွားမည့်အလျောက် ထိုသို့ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိနေခြင်း၏ အရေးပါမှု၊ သဘာဝတရားအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်အတွက် လူတိုင်းနှင့်အဖွဲ့အစည်းအသီးသီးတို့က မည်သို့ လုပ်ဆောင်နိုင် သည်တို့ကို ထင်ဟပ်ပြသပေးသွားမည်ဖြစ်သည်။

“ကမ္ဘာကြီးက ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူကျော်လွှားသွားမှာပါ။ ကျွန်တော်တို့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်လေလေ ကိုရိုနာဗိုင်းရပ်စ်ကို မြန်မြန်အနိုင်ယူကျော်လွှားနိုင်လေလေ ပါပဲ။ အခုသဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကပ်ဘေးအန္တရာယ်ဟာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့တွေ ပူးပေါင်းပြီး အလျင်အမြန်ဖြေရှင်းကြဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုဟာ ဗိုင်းရပ်စ်ပိုးလိုပဲ ကျွန်တော်တို့ဆက်လက် အသက်ရှင်သန်ဖို့လိုအပ်တဲ့ ဝင်သက်ထွက်သက်တွေကို ထိခိုက် စေနိုင်ပါတယ်။ သစ်တောတွေနဲ့ သမုဒ္ဒရာတွေဟာ ကျွန်တော်တို့ကမ္ဘာကြီးရဲ့အဆုတ်တွေပါပဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အရင်ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်မျိုး မဖြစ်သင့်ပါဘူး။ အရင်ကပုံမှန်ဆိုတဲ့ အရာဟာ ရေရှည်အကျိုးအတွက် မကောင်းပါဘူး။ ကျွန်တော်တို့ကမ္ဘာကြီး ပြန်လည်နိုးထလာတဲ့အခါ စိမ်းလမ်းစိုပြေစေရမယ်၊ အဲ့ဒီစိမ်းလမ်းစိုပြေမှုဟာလည်း လူသားတိုင်းအတွက် ဖြစ်စေရမယ် ဆိုတဲ့ ရွေးချယ်မှုကလွဲပြီး ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး။ဟု ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ပြောကြားခဲ့သည်။

“ဒို့ကမ္ဘာ” သို့ အနုပညာလက်ရာများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်များကို ပါဝင်အားဖြည့်ကြသူ များထဲတွင် နာမည်ကျော် မြင်မှုဆိုင်ရာအနုပညာရှင် ထိန်လင်း၊ ကောင်းစု၊ ဇွန်မေဦး၊ မှတ်တမ်းဓာတ်ပုံဆရာ ခွန်လီ (Hkun Li) တို့လည်း ပါဝင်သည်။ အနုပညာစိတ်အခံဖြင့် ဖန်တီးတင်ဆက်သည့်အခင်းအကျင်းများ၊ ပန်းချီကားများ၊ ကဗျာနှင့် အနုပညာရှင်များ၏ အင်တာဗျူးများကို မှတ်တမ်းတင်ရိုက်ကူးသွားမည်ဖြစ်ပြီး အွန်လိုင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပြပွဲကို ဇွန်လ ၁၅ ရက်နေ့တွင် တိုက်ရိုက် (Live) လွှင့်မည်ဖြစ်ကာ dohgabar.org တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဥရောပသမဂ္ဂဖေ့စ်ဘွတ်စာမျက်နှာနှင့်အတူ မိတ်ဖက်ပါတနာများ ဖြစ်ကြသော SMART Textile and Garments ၊ PREVENT PLASTICS ၊ Thant Myanmar (သန့်မြန်မာ) ၊ Tha Bar Wa (သဘာဝ)၊ Myanmar Climate Change Alliance (မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်) နှင့် အခြားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာ့သရုပ်ဆောင်မင်သားနှင့် ဒိုကမ္ဘာသံတမန် တစ်ဦးဖြစ်သူ ဒေါင်း မှ “ ကျွန်တော်တို့မှာ ကမ္ဘာတစ်ခုတည်း ရှိတာပါ။ ဒီကမ္ဘာကြီးကို ကာကွယ်ဖို့က ကျွန်တော်တို့တာဝန်ပဲ။ ကျွန်တော်တို့ရဲ့ရှင်သန်ရေးက ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ဘယ်လိုစောင့်ရှောက်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါင်းနှင့် နာမည်ကျော်ကြား လူသိများသော ဒေါ်ဆွေဇင်ထိုက် (Auntie Grace) နှင့် မအေးသောင်း တို့သည် ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အရေးပါပုံ၊ တစ်ခါသုံးပလတ်စတစ်အိတ် လျှော့ချသုံးစွဲခြင်း၏ အရေးပါပုံများကို အဓိကထားရိုက်ကူးတင်ဆက်ထားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးဗီဒီယို များတွင် ပါဝင်သရုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသည် ဘရာဇီးနှင့် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာတွင် သစ်တောပြုန်းတီးမှု တတိယအမြင့်မားဆုံးနိုင်ငံဖြစ်သည်။ “ သစ်တောတွေက အမိကမ္ဘာမြေရဲ့ အဆုတ်တွေ ပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူသွင်းပြီး အောက်ဆီဂျင်ကို ရှူထုတ်ပေးတယ်။ သစ်တောတွေဟာ လူသားတွေနဲ့ တောအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တောကောင်လေးတွေအတွက် မရှိမဖြစ် အရေးကြီး ပါတယ်။ ဒါကြောင့် သစ်တောတွေကို မပျောက်ပျက်အောင်ထိန်းသိမ်းဖို့ ကျွန်မတို့တွေ တတ်နိုင်သမျှ ကြိုးပမ်းကြရပါမယ်” ဟု ဒို့ကမ္ဘာသံတမန်တစ်ဦးဖြစ်သူ အကယ်ဒမီဆုရှင် ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားခဲ့သည်။

သတင်းမီဒီယာများဆက်သွယ်ရန်

ကြူကြူသင်း

၀၉-၄၂၅၂၉၄၆၀၆

RICE Communications

 

 

အနုပညာရှင်များ၏ စကားများ

ဇွန်မေဦး

လူ့အဖွဲ့အစည်းက ကိုဗစ်-၁၉ ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အလူးအလဲခံနေရစဉ်မှာ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးမှုတွေကြောင့်ဖြစ်ပေါ်လာနေတဲ့ သဘာဝတရားရဲ့ ခြိမ်းခြောက်မှုတွေဟာ ပိုလို့တောင်အရင်က မကြုံဖူးတဲ့နှုန်းနဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်လာနေပါတယ်။ ဒီလိုသဘာဝရဲ့ ခြိမ်းခြောက်မှုတွေဟာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေတာကို ကျွန်မတို့ တွေ့မြင်နေရပါတယ်။ ဒီလို ဖြစ်လာအောင်လုပ်တဲ့ တရားခံဟာ ဘယ်သူလဲ၊ ဒီဒုက္ခအခက်အခဲတွေကို ဘယ်သူတွေခံစားနေရလဲလို့ ကျွန်မ စဉ်းစားကြည့်မိတယ်။ တရားခံဟာ ကျွန်မတို့တွေကိုယ်တိုင်ပဲ ဖြစ်နိုင်ပါတယ်။ ဒီဒုက္ခအခက်အခဲတွေကို ကြည့်ပြီး ကျွန်မတို့တွေ အတူတူနိုးထကြမလား။ ဒါမှမဟုတ် လူသားတွေဟာ သူတို့အတွက် အသက်သေစေ နိုင်တဲ့ အန္တရာယ်ရှိနေတာတောင် ဆက်မိုက်နေကြဦးမှာလား။ အဲဒါပြီးပတ်သက်ပြီး ကျွန်မရဲ့အနုပညာ လက်ရာတွေမှာ မေးခွန်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

ကောင်းစု

အနုပညာရှင်တစ်ယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင် လာတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ ကျွန်တော်တို့ဟာ တစ်ချိန်က သဘာဝရဲ့ ကျေးကျွန်တွေဖြစ်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကို ကျွန်တော်တို့ရဲ့ လိုလားတောင့်တချက်တွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လိုအပ်သလိုပုံဖော်၊ ဖျက်ဆီးနေကြပါတယ်။ အခုချိန်ဟာ ကျွန်တော်တို့ရှေ့က လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် ပြန်ပေးဆပ်နေရတဲ့ အချိန်အခါလို့ ကျွန်တော် ထင်ပါတယ်။ အကန့်အသတ်နဲ့တည်ရှိတဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာမြေမှာ အကန့်အသတ်မရှိဖျက်ဆီးမှုတွေနဲ့ တိုးတက်မှုတွေ လုပ်ဆောင်လို့မရဘူးလို့ ကျွန်တော်ထင်မြင်ပါတယ်။

ထိန်လင်း

ကျွန်တော့်ရဲ့ မီးသွေးတုံးသစ်ပင်တွေကနေ ကြည့်ရှုသူပရိသတ်တွေကို အဲဒီသစ်ပင်တွေရဲ့ မူလပုံစံ ဖြစ်တဲ့ လမုတောတွေဆီကို ခေါ်သွားချင်ပါတယ်။ ကျွန်တော်တို့တွေ အဲဒီလိုရူးရူးမိုက်မိုက် လုပ်ဆောင်ခဲ့တဲ့ အမှားတွေကို ပြန်ပြင်ဆင်နိုင်ပါ့မလား။ မြစ်ဝကျွန်းပေါ်က လမုတောတွေကို ကျွန်တော်တို့ ပြန်ပြီး အသက်သွင်းနိုင်ပါ့မလား။

ခွန်လီ (Hkun Li)

ငှက်ပျောသီးစိုက်ခင်းတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး ကျွန်တော် မှတ်တမ်းရုပ်ရှင် ရိုက်ခဲ့ပါတယ်။ လာအိုနိုင်ငံမှာ ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေဩဇာတွေအလွန်အကျွံသုံးစွဲမှုကြောင့် အစိုးရက ငှက်ပျောစိုက်ခင်းတွေကို ပိတ်ခိုင်းလိုက်တဲ့အခါ တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ ကချင်ပြည်နယ်ဘက်ကို မြားဦးလှည့်လာပါတယ်။ ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေဩဇာတွေကို အလွန်အကျွံသုံးစွဲမှုဟာ အလုပ်သမား တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံတင်မကဘဲ မြေဆီလွှာနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။ ငှက်ပျောသီးတွေ ခူးဆွတ်စဉ်မှာလည်း သူတို့တွေဟာ ပလတ်စတစ်တွေ အများအပြား အသုံးပြုကြပါတယ်။ အဲဒီနောက်မှာတော့ မကောင်းလို့စွန့်ပစ်ခဲ့တဲ့ ငှက်ပျောသီးတွေနဲ့ ပိုးသတ်ဆေးတွေ ထုပ်ပိုးတဲ့ ပလတ်စတစ်အိတ်တွေဟာ ငှက်ပျောစိုက်ခင်းတွေထဲမှာ ပျံ့ကျဲပြီးနေပါတယ်။

Languages:
Editorial Sections: